နမ့်ဆန်မြို့တွင် လျှပ်စစ်ရုံးဝန်ထမ်းများက မီတာခကောက်ခံနေပြီး မပေးဆောင်လျှင် မီးဖြတ်မည်ဟုဆို

ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့၌ လျှပ်စစ်ရုံးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ရှိနေအိမ်များတွင် မီတာခလိုက်လံကောက်ခံနေကြောင်း မြို့ခံများထံမှသိရသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် မီတာခလိုက်ကောက်နေသည်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး ကျေးရွာများတွင် ယခင်နှစ်ကတည်းက မီတာဘောက်ချာများ ဝေထားသော်လည်း ပြည်သူ များက မဆောင်ကြဘဲ တိုင်းပြည်အခြေအနေအေးချမ်းမှသာ မီတာခဆောင်မည်ဟုဆိုသည်။
နမ့်ဆန်မြို့ခံတစ်ဦးက “ဒီနေ့ သူတို့ရုံး ဝန်ထမ်းနှစ်ဦးက မီတာခလာကောက်သွားတာ။ မီတာခ မဆောင် ရင် မီးဖြတ်မယ်လို့ပြောတယ်။ အဲဒါကြောင့် မီတာခ ဆောင်ပေးလိုက်တယ်။ မီးဖြတ်ရင် အဆင်မပြေဘူး လေ” ဟု ပြောသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ လျှပ်စစ်မီး ပုံမှန်ရရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရက်လျှင် မီးနှစ်ကြိမ်ပျက်နေပြီး တကြိမ်ပျက်လျှင် သုံးနာရီခန့်ကြာအောင်ပျက်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
မီတာခအပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီကလည်း ရေမီတာခလိုက်ကောက်နေပြီး မီတာ မဖတ်ဘဲ ကောက်နေသည့်အတွက် ပုံမှန်ထက်ပိုကောက်နေကြောင်း ဒေသခံအချို့က ဆိုသည်။
ရေမီတာခပေးဆောင်ရသူတစ်ဦးကလည်း “ရေမီတာလိုက်ကောက်တာ မီတာမဖတ်ဘဲ ဒီအတိုင်းပဲလာ ကောက်သွားတာ။ အမှန်ဆို မီတာဖတ်ပြီးမှ ကျသင့်သလောက် ကောက်ရင်တော့တမျိုးပေါ့။ အခုဟာက သုံးတာထက် ပိုကောက်သလို ဖြစ်နေတယ်” ဟု ပြောသည်။
စစ်တပ်ကအာဏာသိမ်းသည်ကို လက်မခံဘဲ ဆန့်ကျင်သည့်အနေဖြင့် ဒေသခံများသည် စစ်ကောင်စီ အတွက်ဝင်ငွေရစေနိုင်မည့် မီတာခများမပေးဆောင်ဘဲ ဆန့်ကျင်နေကြခြင်းဖြစ်သည်။mizzima