ပုလောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၁၈ ဦးသေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦး ကျဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာတွင် ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ယမန်နေ့က နှစ်ကြိမ်တိုင် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၈ ဦးသေပြီး PDF မှ တစ်ဦးကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) Palaw People’s Defence Force အဖွဲ့၏ ယနေ့ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် လက်နက်ကြီးဖြင့် စတင်ပစ်ခတ်မှုကြောင့် နှစ်ဖက် အပြန် အလှန် တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ တာဝန်ရှိသူ တစ်ဦးက“နှစ်ဖက် ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က သေဆုံး ၁၈ ဦးက အတည်ပြုလို့ ရပါတယ်။ ကျွန်တော်တို့ PDF ဘက်ကတော့ တစ်ဦး ကျဆုံးတယ် ။ နှစ်ဦးလောက် ထိခိုက် ဒဏ်ရာ ရရှိတာမျိုး ရှိပါတယ်။ ပြည်သူတွေကတော့ ထိခိုက် ဖမ်းဆီးခံရတာ မျိုးတော့ မကြားသေးဘူး”ဟု ပြော သည်။
ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ ၈ နာရီ အချိန်အထိ ပထမအကြိမ် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရှစ်ဦး သေဆုံးခဲ့ကာ နေ့လယ်ပိုင်း တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးသည် ချို့ယွင်း ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
“’ဒီတိုက်ပွဲ အပေါ်မှာ သိပ်ပြီးတော့ အားရမှု ကတော့ အခုထိ မရှိသေးပါဘူး ။ ကြိုးစားနေ ပါတယ်”လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (ပုလော) Palaw People’s Defence Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယင်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား များသည် ကျောင်းနိမ့်ရွာတွင် ပြည်သူ့ နေအိမ် ခုနစ်လုံးနှင့် ဆိုင်ကယ် လေးစီး တို့ကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း သိရသည်။ mizzima