မုံရွာမြို့တွင် စစ်ကောင်စီမြင်သာအောင် မိုင်းထောင်ပြီး လာဖြုတ်ချိန်ဖောက်ခွဲ ၂ဦးသေ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ထန်းတောရပ်ကွက်၊ရွှေဝါရောင်လမ်းတွင် ယမန်နေ့ ဇွန်လ၁၂ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီမြင်သာအောင် မိုင်းထောင်ခဲ့တယ်လို့ DRPA အဖွဲ့က ပြောသည်။
ယနေ့မနက် ဇွန်လ ၁၃ရက်နေ့ ၄နာရီ၄၀မိနစ်အချိန်ခန့်တွင် စစ်ကောင်စီမှ DC ကားတစ်စီး အင်အား ခြောက်ယောက်ခန့်ဖြင့် ထောင်ထားသည့်မိုင်းကို လာရောက်ဖြုတ်ချိန်တွင် ပေါက်ကွဲခဲ့တယ်လို့ သိရသည်။
“အဲ့လမ်းက စအဖ အရပ်ဝတ်လူတွေနေတဲ့ ရပ်ကွက်၊ အဲ့လမ်းက သူတို့ဖြတ်နေကျ တမင်မြင်အောင် ထောင်ထားတာ၊ စကစ မိုင်းရှင်းအဖွဲ့ လာ ရှင်းတာ မိုင်းကခါတိုင်းလို ရိုးရိုးမိုင်းမဟုတ်ဘူး “ကြွ”မိုင်းလို့ခေါ်တဲ့ အမျိုးအစားဗျ၊ အဲ့ဒါကို ရိုးရိုးမိုင်းလို လာဖြုတ်တော့ ကြွမိုင်းကွဲပြီး မိုင်းရှင်းတဲ့ စကစ နှစ်ကောင် ကျသွားတယ်၊ ဘေးကလည်း ယမ်းစစင်ပြီး ဒဏ်ရာရကုန်တယ်”ဟု DRPA အဖွဲ့တာဝန်ရှိသူက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီမှ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး ယင်းလုပ်ဆောင်မှုကို DRPA အဖွဲ့၊Monywa Night Kingအဖွဲ့နှင့် M.A.C.T ထောက်ပို့တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုစစ်ဆင်ရေးကို ဇီးကွက်စစ်ဆင်ရေးဟု နာမည်ပေးထားပြီး၊ ဇီးကွက်စစ်ဆင်ရေးအဖြစ် မုံရွာသပိတ်များအား ထောက်လှမ်းနေသော မုံရွာသံလမ်းရှိ CCTV Box ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ထန်းတောရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး အိမ်ခြံမြေပွဲစားတစ်ဦးအား ရှင်းလင်းခဲ့ခြင်းတို့ကိုလုပ်ဆောင်ခဲ့တယ်လို့ သိရသည်။ mizzima