မော်လိုက်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းသောရွာများ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားကောင်းသော ရွာငါးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် အိမ်ခြေ တစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
မော်လိုက်မြို့ မြောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ( ဒေသအခေါ် မြစ်ရိုးအထက်ဘက်)ရှိ ယူးဝ၊ မန်ကျည်းတန်း၊ ပရောက်၊ တပ်ကုန်းနှင့် မှော်ကူးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်များက ဇွန်လ ၁၀ ရက်မှ ဇွန်လ ၁၂ ရက်အထိ သုံးရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
”ယူး၀ နဲ့တပ်ကုန်းက PDF ပကဖ အားကောင်းတဲ့ရွာတွေပါ။ ယူးဝက အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ အုပ်စုလိုက်ဆိုရင်တော့ ၅၀၀ ကျော်ပါတယ်။ ယူးဝအုပ်စုက ယူးဝ၊ မန်ကျည်းတန်းနဲ့ ပရောက် ပါ။ အဲဒီ သုံးရွာလုံး အရှို့ခံရတယ်။ မန်ကျည်းတန်းရွာဆို အိမ်သာတောင်မကျန် ပြာကျပါတယ်။ တစ်ရွာလုံးလောင်အောင် ထိပ်နှစ်ဘက် အလယ် အကွက်ချ ရှို့တာ။ ယူးဝ နဲ့ တပ်ကုန်းက ၁၅ မိုင်လောက်ဝေးပါတယ် ။ချင်းတွင်းမြစ်နဲ့ ယူးချောင်းဆုံတဲ့ အဝမှာရှိတာပါ။ မြစ်အနောက်ဖက်ကမ်းပါ။ အိမ်ခြေ ၆၀၀ ကျော်ရှိပါတယ်။ ရွာသားတွေအကုန်လုံး မြစ်အရှေ့ဘက်ကမ်းရွာတွေကို တိမ်းရှောင်နေကြရတယ်”ဟု ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ ပြည်သူများ၏နေအိမ်ကို မီးရှို့ဖျက်ဆီးရခြင်းမှာ ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။
”ပြည်သူတွေရဲ့နေအိမ်ကို မီးရှို့တယ်ဆိုတာ PDF ပကဖ ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်ပဲ ရှိတာပေါ့။ စခန်းကို လာဝိုက်တုန်းက ခွေး ၁၅ ကောင်ကျတယ်။ နောက် စကစ စစ်ကူတွေရောက်လာပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်တယ်။ ရွာသား နှစ်ယောက်ကို လယ်တောထဲကနေ ပေါ်တာဆွဲလမ်းပြခိုင်းပြီး သတ်ပစ်တယ်။ ရွာမှာတပ်စွဲထားတယ်။ ရွာပြည်သူတွေကတော့ ကြိုတင်ပြီး ရှောင်ထားကြရတယ်။”
ထို့အပြင် ” ကျောက်မီးသွေးနဲ့သစ်၊ ရွှေ ကို တရားဝင်ရော၊ တရားမဝင်ရော၊ တူးဖေါ်ထုတ်လုပ်တဲ့ နေရာတွေပါ။ ကျောက်မီးသွေးတွေ သစ်တွေက စကစ က အရမ်းသယ်ချင်နေပြီ။ ပကဖ တွေက စကစဝင်ငွေထဲ သွားမဲ့ဟာတွေမို့ သယ်ခွင့်မပြုဘဲ ပိတ်ထားတဲ့နယ်မြေ ဖြစ်နေတယ်။ မူး ယစ်ဆေးဝါးလည်း PDF ပကဖ ကနှိမ်နင်းနိုင်တဲ့ အခြေအနေရှိတယ်။ အခုက အရှေ့အနောက် ညှပ်ပိတ် တိုက်ခိုက်ခံရတာပါ ” ဟု အဆိုပါ ဒေ သခံက ပြောသည်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခံရသော ရွာများမှ အိမ်ခြေ ၁,၀၀၀ ခန့်မှ လူ ၅,၀၀၀ ခန့်မှာ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းက နီးစပ်ရာရွာများကို ထွက်ပြေးနေရပြီး ၎င်းတို့ခိုလှုံရာရွာများမှ သက်ဆိုင်ရာအဖွဲ့များက စောင့်ရှောက်ထားရကြောင်း သိရသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်သော ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ မေလကုန်အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ ဖျက်ဆီးတာကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံးထိ ရှိနေပြီဖြစ် ကြောင်း Data For Myanmar အဖွဲ့မှ ဇွန်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ mizzima