ရွှေဘို၊ တအုံကျေးရွာမှ ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ရက်ရက် စက်စက် သတ်ဖြတ်



စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာမှ ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ရက်ရက် စက်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်တပ်က သတ်ဖြတ်လိုက်သည့် တအုံကျေးရွာသား ပြည်သူ ၈ ဦးမှာ ကိုကျော်လင်း၊ ကိုစိန်မန်း၊ ကိုမောင်ထူး၊ ကိုဝင်းဆွေ၊ ကိုသိန်းတန်၊ ကိုဖိုးထူး၊ ကိုရဲဝေလင်း၊ ကိုနှင်းမောင်တို့ ဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၁၀ရက်နေ့တွင် ရွှေဘိုမြို့နယ် တအုံကျေးရွာသို့ ရွှေဘိုလေ့ကျင်ရေး(၈) မှ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဝင်ရောက် လာပြီး ရွာခံ ကိုနှင်းမောင်ကို သေနတ်နှင့် ပစ်သတ်ကာ စစ်ဘေးရှောင်နေသူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင်မူ ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၇ ဦးကို ကြိုးကြာရွာအရှေ့ဘက် ဘို့နိုးဆည်အနီးတွင် ကြိုးတုပ်သေနတ်နှင့် ပစ်ကာ ဆည်အတွင်းသို့ ပစ်ချသွားကြောင်း ဒေသခံများက ပြောကြားသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းပါများသည် ဇွန်လ ၁၁ ရက်နေ့ကလည်း အုန်းပေါက်၊ မောင်းတက်၊ တည်ပင်တို့ကို ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူကာ ဇွန်လ ၁၂ ရက်နေ့တွင်မူ ဆည်ကြီးကျေးရွာကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် ကော့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင် စီနှင် ပျူစောထီး အင်အား ၇၀ ဝန်းကျင်ခန့်သည် ပတ်ဝန်း ကျင်ရှိ ရွာများ ဖြစ်သည့် အုန်းပေါက်၊တအုံ၊မောင်းတက်၊တည်ပင်၊ကြိုးကြာ၊ ဆည်ကြီး၊ တကန်သာ၊ဂွေးကုန်း၊ ကံကြီးတော၊ငပိအိုး၊ သဲကျွန်း နှင့် ဟန်လင်း၊ ပျူမြို့ဟောင်း ဝန်းကျင်ရှိ ရွာများကို နေ့စဉ် ဝင်ရောက် သောင်းကျန်းနေကြောင်း၊ ပြည်သူများ ထွက်ပြေးနေကြရပြီး နေထိုင်စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ khit thit