အာဏာသိမ်းပြီးနောက် ကရင့် ကိုယ်ထူ ကိုယ်ထကျောင်းများတွင် ကျောင်းသားဦးရေ တိုးများလာ

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ကရင့်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေအတွင်းက တပ်မဟာအသီး သီးတွင် ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထကျောင်းများတွင် ကျောင်းသားဦးရေ တိုးလာကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် CDMလှုပ်ရှားမှုများ နယ်မြေဒေသမငြိမ်သက်မှုများနှင့် ကလေးငယ်များ၏ ပညာရေးအဆက် ပြတ်လာသည့် အခြေအနေများကြောင့် တိုးများလာရခြင်းဖြစ်ကြောင်း Karen Education and Culture Departmentမှ တာဝန်ရှိသူ ဆရာလောအယ်မှူးက မဇ္ဈိမသတင်းဌာနကို ပြောသည်။
“အခု တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အစိုးရကျောင်းတွေ မဖွင့်နိုင်တဲ့အပေါ်မှာ ဒီဘက်ကို ကျောင်းသားတွေ ရောက်လာတာ ရှိတယ်။ နယ်မြေအ သီးသီးမှာ တည်ငြိမ်မှုမရှိတဲ့အတွက် နည်းနည်းတည်ငြိမ်တဲ့ နယ်မြေတွေကို ပို့လာတာတွေကြောင့်ရယ် တိုးလာတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်းသားစုစုပေါင်း ၉၀,၀၀၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျောင်းသားဦးရေ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။ ယခင်က ကျောင်းပေါင်း ၁,၀၉၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၁,၂၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းသားဦးရေ တိုးလာသည်အတွက် ကျောင်းဆောင်အခက်အခဲ ၊ကျောင်းသားများနေထိုင်ရသည့် အဆောင်များအခက်အခဲ၊ပုံနှိပ်စာအုပ်အခက်ခဲနှင့် အခြားအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင် လက်ရှိအချိန်၌ ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေတာကြောင့် စာသင်ကျောင်းများအတွက် လုံခြုံ ရေးအရ စိုးရိမ်ရမှုများ ရှိနေသည်။ အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို အထူးစိုးရိမ်မိကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
“အကယ်၍ ကျောင်းတွေတက်နေတဲ့ အချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်မယ်ဆိုရင် ကလေးတွေလည်း အသက်အန္တယ်ရှိတယ်ပေါ့လေ။” ဟု ဆိုသည်။
ကရင့်ကိုယ်ထူကိုယ်ထ အခြေခံကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊အထက်တန်းများကို ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။ အ ထက်တန်းပြီးဆုံးပါက ယခင်က NCAလမ်းကြောင်းရှိနေချိန်တွင် အစိုးရ တက္ကသိုလ်များနှင့် ချိတ်ဆက်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိအချိန်တွင် မရှိတော့ပေ။
ထို့ကြောင့် ကရင့်ပညာရေးကျောင်းများတွင် အထက်တန်းအဆင့် ပြီးဆုံးပါက ကရင့်နယ်မြေအတွင်းက ဖွင့်လှစ်ထားသည့် ကောလိပ်များနှင့် ဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် ကောလိပ်များကို တက်ရောက်နိုင်ပြီး နိုင်ငံတကာတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်ရန် ဝင်ခွင့် စာမေးပွဲများအတွက် ပြင်ဆင်ပေးမှုများရှိကြောင်း သိရသည်။ mizzima