Food Panda ပို့ဆောင်ရေးလုပ်သားများ၏ သပိတ် ၃ လတာအတွင်း ကုမ္ပဏီဘက်က သေ ချာရေရာသည့် ဖြေရှင်းပေးမှုမရှိသေးဟုဆို

Food Panda ကုမ္ပဏီမှ ပို့ဆောင်ရေးလုပ်သား Rider များမှာ ၎င်းတို့၏ သပိတ်လှုပ်ရှားမှု သုံးလခန့်ကာလအတွင်း တောင်းဆိုချက်များအပေါ် ကုမ္ပဏီဘက်က သေချာရေရာသည့် ဖြေရှင်းပေးမှု မရှိသေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကျွန်တော်တို့ ဘယ်လောက်တောင်းဆိုဆို Rider တွေကိုလည်း သူတို့ (ကုမ္ပဏီ) က ဂရုမစိုက်ဘူး။ Rider တွေနဲ့ ပူးပေါင်းပါဝင်တဲ့ Customer တွေကိုလည်း သူတို့က ဂရုမစိုက်ပါဘူး” ဟု လုပ်သက် နှစ်နှစ်ကျော် ရှိပြီဖြစ်သည့် Rider ကိုကကြီးက ပြောသည်။
ရန်ကုန်နှင့် မန္တလေးမှ Food Panda သပိတ်ခေါင်းဆောင် Rider အချို့ပါဝင်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို ယနေ့ ဇွန်လ ၁၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
Rider များက တောင်းဆိုထားသည့် အချက် ရှစ်ချက်အနက် ကွန်ပျူတာ့ဆော့ဖ်ဝဲစနစ်ဖြင့် တင်းကျပ်လွန်းသည့် စည်းကမ်းချက်များကို လျှော့ ချပေးရေး၊ အလုပ်ချိန်အတွင်း ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် ထိခိုက်နစ်နာမှုအပေါ် ကုမ္ပဏီဘက်က တာဝန်ယူဆောင်ရွက်ပေးရေး၊ သီတင်းတစ်ပတ်လျှင် အလုပ်နားရက်တစ်ရက်ရရှိရေး၊ Rider များနှင့် သက်ဆိုင်သည့် အပြောင်းအလဲ တစ်စုံတစ်ရာ ပြုလုပ်လျှင် တရားဝင် Social Media နှင့် Telegram Channel များမှ သီတင်းတစ်ပတ် ကြိုတင်ကြေညာပေးရေး၊ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင် အချိန်နှင့် တစ် ပြေးညီ ဖြေရှင်းပေးနိုင်ရန် ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်နိုင်မည့် Hotline နံပါတ်ထားရှိပေးရေး စသည့် အချက်ငါးချက်ကို ဖြေရှင်းပေးရန် ကုမ္ပဏီဘက်က သဘောတူခဲ့သော်လည်း သေချာရေရာသည့် ဖြေရှင်းပေးမှုမျိုး မရှိကြောင်း Rider များက ပြောသည်။
ကျန်ရှိသည့် အချက်သုံးချက်ဖြစ်သည့် အခြေခံအော်ဒါကြေး ၆၇ဝ ကျပ်ရရှိရေး၊ အမှန်တကယ်သွားရသည့် ခရီးအကွာအဝေးအတိုင်း တွက် ချက် သည့် မြေပုံစနစ်အသုံးပြုပေးရေး၊ Food Panda Rider ဖြစ်ကြောင်း သက်သေခံကတ်ထုတ်ပေးရေး စသည့် တောင်းဆိုချက်များကိုလည်း လုံးဝဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း Food Panda ကုမ္ပဏီမှ ပို့ဆောင်ရေးလုပ်သား Rider များက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တောင်းဆိုချက်များအပေါ် Food Panda ကုမ္ပဏီအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက သပိတ်မှောက်ခြင်း၊ Food Panda အပလီကေးရှင်းကို လုံးဝသုံးစွဲသူမရှိစေရေး “Zero Customer” ကမ်ပိန်း လုပ်ဆောင်ခြင်းတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“ Food Panda Myanmar ရုံးက တာဝန်ရှိလူကြီးတွေက ကျွန်တော်တို့ ဘယ်လောက်ပဲဆောင်ရွက်ဆောင်ရွက် သူတို့အတွက် အရေးမပါဘူးဆိုတဲ့ ပုံစံမျိုး လုပ်နေတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့နဲ့အတူ “Zero Customer” ကမ်ပိန်းမှာ ပါဝင်ပေးဖို့၊ Food Panda အပလီကေးရှင်းကို ဖုန်းထဲမှာ ဖျက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ကိုကကြီးက ဆိုသည်။
အခြေခံအော်ဒါကြေး အဆမတန်လျှော့ချခံရသည်ဟုဆိုကာ ၂ဝ၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး Food Panda Rider များက သ ပိတ်မှောက်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ဆန္ဒပြသပိတ်များ ပေါ်ပေါက်နေသည်မှာ သုံးလခန့်ပင်ရှိပြီ ဖြစ်သည်။ mizzima