Monthly Archives: Jun 2022

စစ်ကိုင်းမြို့၊ ပေါက်ကားကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ကို ဒေသခံကာကွယ်ရေးတပ် ရှင်း လင်းခဲ့ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပေါက်ကားကျေးရွာသား စစ်ကောင်စီသတင်းပေး ပျူစောထီး သင်တန်းဆင်းဆိုသူ ရဲလေး(ခ) ကိုဆန်းထွန်းဦးကို ဒေသခံကာကွယ်ရေးတပ် တိုက်နယ်စွန်အဖွဲ့က ဇွန်လ ၁၅ ရက် နံနက်ပိုင်းအချိန်တွင် ရှင်းလင်းခဲ့ကြောင်းသိရသည်။

“ ပျူသင်တန်း ဆင်းလာတာ သုံးလကျော်ပြီ။ စစ်ကောင်စီရဲ့သတင်းပေး စစ်ကောင်စီ စစ်ကြောင်း ထွက်ရင်လမ်းပြနေကြ။ စစ်ကောင်စီနဲ့အတူ ပြည်သူ့ပိုင်တွေကို ခိုးယူနေတာ။ ညက နေအိမ်မှာပဲ သွားကုတ်(သွားရောက်ဖမ်းဆီး) လိုက်တာပါ။ စစ်မေးပြီးတော့ မနက်ကြရှင်းလင်းလိုက်ပါတယ် ” ဟု တိုက်နယ်စွန်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အသက် ၃၀ ကျော်အရွယ် ရဲလေး (ခ) ကိုဆန်းထွန်းဦးဆိုသူသည် စစ်ကိုင်းတိုင်း၊ တိုက်နယ်စွန်နှင့် မြင်းမူမြို့နယ်အစပ်ရှိ ရွဲကုန်ကျေးရွာတွင် ပျူစောထီးသင်တန်းတတ်ခဲ့သူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းသည် ပေါက်ကားကျေးရွာတွင် နေထိုင်ပြီး ထိုကျေးရွာနေ ပြည်သူများကို အနိုင်ကျင့်နေကြောင်း မဟာမိတ်အဖွဲ့ဝင်တစ်ဦးက တိုင်ကြားခဲ့၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။mizzima

ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းပြည် သူ့စစ်တပ်ဖွဲ့ (PNO/PNA)ဝင်တဦးပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး    အမျိုးသမီးတယောက်  အသက်အန္တရာယ်စိုးရိမ်စရာ ဒဏ်ရာရှိသွားပါတယ်။

ဇွန် ၁၄ ရက်က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာမှာ ကျင်းပနေတဲ့ ရိုးရာမီးလုံး(လူးဖုဲင်)ပွဲမှာ ခိုက်ရန်ဖြစ်ပွားနေချိန်  ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်  ထွက်ကောဝိဒက သေနတ်နဲ့ပစ်ခတ်ရာက ပွဲကြည့်လာတဲ့ အမျိုးသမီးတယောက် ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မီးလုံးပွဲမှာ စကားများရန်ဖြစ်ကြတဲ့ လူနှစ်ယောက်ကို PNO အဖွဲ့ဝင်ထွက်ကောဝိဒက ဆဲဆိုပြီး သေနတ်နဲ့ပစ်တာ။ ပစ်တဲ့သူကို မထိဘဲ ပွဲလာလည်တဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ထိသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျည်ထိမှန်လို့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ လက်ရှိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ထွက်ကောဝိဒဟာ ၂၀၁၉ ခုနှစ်ကလည်း အလားတူ ပစ်ခတ်မှု တစ်ကြိမ်ကျူးလွန်ခဲ့ပြီး ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူကို ကျပ်သိန်း ၈၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်နေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပအိုဝ်းအမျိုးသား ခွန်ဗွာထိုသွေးကို ထွက်ကောဝိဒက အင်အားသုံးဖမ်းဆီးကာ စစ်ကောင်စီကို အပ်နှံခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ ခွန်ဗွာထိုသွေးဟာ တောင်လေးလုံး အကျဥ်းထောင်အတွင်းမှာ သေဆုံးခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ DVB

တောင်ဒဂုံတွင် စစ်တပ်သတင်းပေးနှင့်ပျူစောထီးဟု သတ်မှတ်ခံရသူ ဘိုမင်းသူ ပစ်ခတ်ခံရပြီး သေဆုံး၊ မုံရွာတွင် မီတာပုံးဖြုတ်သူ လျှပ် စစ် ဝန်ထမ်း ၂ ဦး ပစ် ခတ်ခံရ၊ ကျိုက်လတ်မှ ဒေါင့်ကြီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေ ဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၀ ရပ်ကွက်၊ ကျောင်းလမ်းနှင့် အောင်ချမ်းသာ ၂ လမ်းထောင့်တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီးဟု သတ်မှတ်ခံထားရသူ ဘိုမင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကို U.R.M.T အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ တိုင်တန်းမှုကြောင့် သွေးသောက်အဖွဲ့ဝင်၊ ပျူစောထီး၊ လူမိုက်ခေါင်းဆောင် ဘိုမင်းသူကို အဖွဲ့က ရှင်းလင်းခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“သူက အုပ်ကြီးအားကိုးနဲ့ မြေပွဲစားလုပ်နေတာ။ လူမိုက်လည်း လူမိုက်။ စစ် တပ်ကိုလည်း သတင်းပေးတယ်။ ဓားခါးကြားထိုးပြီး သွေး သောက် အဖွဲ့ဝင် ပျူစောထီးလည်းလုပ်တဲ့သူ။ အရမ်းဆိုးတဲ့သူဗျ။ အခုတော့ သူ့ကိစ္စနဲ့သူ လစ် သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ဇီဇဝါလမ်းတွင် မီတာပုံးဖြုတ်ခြင်း၊ လျှပ်စစ်မီတာ ဖတ်ပြီး ပြန်လာသူ ဝန်ထမ်း ၃ ဦးကို အမည်မသိသူ ၂ ဦးက သေနတ်ဖြင့် ပစ် ခတ်ရာ ဝန်ထမ်း ၂ ဦးဒဏ်ရာရာရရှိကြောင်း သိရှိရသည်။

မုံရွာလျှပ်စစ်ရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး နိုင်ဆန်းလင်း၊ ဒုလက်ထောက် ကြီးကြပ်ရေးမှူး နေဝင်းထွန်းနှင့်ထွန်းရီတို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေဝင်းထွန်း သည် လက်မောင်း ကျည်ထိဒဏ်ရာ၊ နိုင်ဆန်းလင်းသည် ခါး ကျည် ထိ ဒဏ် ရာရရှိကြောင်း ၊ ထွန်းရီမှာမူ ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြိုနယ်၊ ဒေါင့်ကြီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ယနေ့ ညနေ ၃ နာရီခန့်က သေနတ် ၃ ချက် ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးကို ဧရာဝတီဗိုလ်တိုက် ငမန်း အဖွဲ့က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ရွာငံမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးခေါင်း ဆောင် သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးခေါင်း ဆောင်တစ်ဦး ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က တပ်ဖွဲ့တစ်ခုမှသေနတ်ဖြင့် ပစ်ခတ် ခြင်းခံခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသူမှ ရွာငံမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးခေါင်းဆောင် ငအောင်ဆိုသူဖြစ်ပြီး ရွာငံမြို့နယ် ကျောက္ကူပြင်ရွာ မုန့်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ ပစ်တာကစုစုပေါင်း ခုနစ်ချက်။ သူက ကျည်ကာတွေဝတ်ထားတော့ ဒဏ်ရာပဲရသွားတာ။ ရင်ဝတွေရော နောက်ကျောတွေရော လက်မောင်းတွေရော မှန်တယ်။ ကျည်ကာဝတ်ထားတော့မသေဘဲ လက်မောင်းပဲ ဒဏ်ရာရသွားတယ် ကြားတယ်။ အခု ရွာငံမှာ ဆေးရုံတင်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ ငအောင်သည် ဆင်နက်ချောင်ရွာသားဖြစ်ပြီး ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးခေါင်း ဆောင်တစ်ယောက်ဖြစ်ကာ စစ်ကောင်စီတပ်မှ G3 အမျိုးစားသေနတ်ငါးလက်၊ ကျည် ၁၂,၀၀၀ နှင့် လက် ပစ်ဗုံးများတပ်ဆင်ပေးထားခြင်းခံရပြီး ၎င်းသည် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ယခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူ ဖြစ်ကြောင်း၊ ရွာငံမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး၏နေအိမ်ချိတ်ပိတ်ရာတွင်ပါဝင်ကြောင်း၊ နွားဘန်းကြီး ရွာရှိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ စစ်ကောင်စီတပ်များနှင့် နေ့ကင်းညကင်းကားဖြင့်လှည့်လည်ခြင်း များကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။mizzima

မိုးကုတ်မြို့က စာသင်ကျောင်း ၂ ကျောင်းတွင် ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က ကျောင်းသားတွေ ကျောင်းတက်နေတဲ့ ကျပ်ပြင်စျေးကျောင်းနဲ့ အထက ၁ အထက်တန်းကျောင်းတွေမှာ  ဇွန် ၁၅ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျပ်ပြင်ဈေးကျောင်းမှာ ဗုံးပေါက်ကွဲပြီးတဲ့နောက် ၃ မိနစ်ဝန်းကျင်ခြားကာ နောက်ထပ် အထက ၁ ကျောင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းဝင်းအတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပေမဲ့ ကျောင်းသားတွေတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိသလို ကျောင်းတွေကလည်း ထိခိုက်ပျက်စီးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း နေ့လယ် ၂ နာရီလောက်မှာ ကျပ်ပြင်ရဲစခန်းပါ ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်သံ ၁၀ ချက်လောက်ကြားရကာ ရဲစခန်းအနီးနားက ဆိုင်တွေအားလုံး ပိတ်လိုက်ကြပြီး မိုးကုတ်တမြို့လုံးနီးပါး လူသွားလူလာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရှိရသလို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း အ မက ၆၉ က Non CDM ကျောင်းအုပ်အိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ DVB

ရန်ကုန်တွင် ဧည့်စာရင်းများ စီမံချက်ဖြင့်စစ်ပြီး လူငယ် ၅၀ နီးပါး အဖမ်းခံ ထားရ၊ ဖမ်းခံရသူများတွင် သပိတ်အဖွဲ့ဝင်တချို့ပါဝင်သော် လည်း အများစုမှာ သာမန်လူငယ်များဖြစ်၊ ရန်ကုန်မြို့ရှိ ကုန်းတံတားများအောက် ယာဉ်ရပ် နားခွင့် ပိတ်ပင်၊ ကွမ်းခြံကုန်းတွင် လူငယ်မှန်သမျှကို ပေါ်တာဆွဲနေ

ရန်ကုန်တွင် ယခု ဇွန်လဆန်ပိုင်းမှစတင်ပြီး မြို့နယ်တိုင်း ဧည့်စာရင်းများ စီမံ ချက် ဖြင့် စစ်ဆေးလျက်ရှိကာ ဧည့်စာရင်း မတိုင်သော လူငယ်များကို ဖမ်းဆီး စစ်ဆေးရာမှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အဖွဲ့ဝင်များပါ ဖမ်းဆီးခံရ ကြောင်း ရဲသတင်းရင်းမြစ်များ၊ သပိတ်လူငယ်တချို့ထံမှ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၉နာရီကျော်အချိန် ကြည့်မြင်တိုင် ညစျေး ကွမ်းရိုး တန်း လမ်း အောက်ဘက်တွင် ဧည့်စာရင်း စစ်ပြီး အမျိုးသမီး၊ အမျိုးသားများကို ဖမ်းဆီးသွားကြောင်း၊ ဧည့်စာရင်းမတိုင်သူများကို ရဲစခန်းတွင် ရှိနေသော နာ မည် များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေး ခြင်း များ ဖြင့် သပိတ်ကော်မတီဝင် ၅ ဦးထက်မနည်း စိစစ်အဖမ်းခံလိုက်ရကြောင်း သိရှိ ရသည်။

” ၁၂ ရက်နေ့ ညပိုင်း ဧည့်စာရင်းဆိုပြီး ဝင်ဖမ်းတာမှာ ၂၀ ဦးကျော် အဖမ်းခံ ရတယ်။ မိန်းကလေးများတယ်။ အဲဒီမှာ စခန်းရောက်မှ နာမည်တွေ ထပ် တိုက် ဆိုင် စစ်ဆေးတာ ၊ ဖုန်းတွေ စစ်ဆေးရာကနေ သပိတ်အဖွဲ့ဝင်တွေ ၅ ဦး လောက် အဖမ်းခံရတယ်။ ကျန်တဲ့သူတွေကိုတော့ ဧည့်စာရင်း ပုံမှန်တိုင်ဖို့ ပြော ပြီး ပြန်လွှတ်လိုက်တယ်” ဟု ကြည့်မြင်တိုင်ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ ၊ ဇွန်လ ၁၄ ရက်နေ့တို့တွင်လည်း တာမွေ၊ စမ်း ချောင်း၊ အလုံ အပါအဝင် မြို့နယ်အများအပြားတွင် စစ်တပ်က စီမံချက်ဖြင့် ဧည့် စာရင်းစစ်ဆေးခဲ့ရာတွင်လည်း လူငယ်များ အဖမ်းခံရကြောင်း၊ အဖမ်းခံ ရသူများတွင် သပိတ်နှင့်ဆက်နွယ်နေသူများ၊ မိုဘိုင်းလ်ဖုန်းများတွင် စစ်တပ် ဆန့်ကျင်ရေး ရေးသားသူများပါ အဖမ်းခံရကြောင်း သိရှိရသည်။

“ဖမ်းတာကတော့ ဧည့်စာရင်းပဲ အကြောင်းပြဖမ်းပြီး စခန်းခေါ်တာပဲဗျ။ ကြား တာတော့ သပိတ်နဲ့ပတ်သက်သူ၊ ဖေ့ဘုတ်စ်မှာ စစ်တပ်ဆန့်ကျင်ရေး ရေးသူ တွေ အဖမ်းခံရတယ်။ အဖမ်းခံရတာက လူငယ် ၃၀ လောက်ရှိတယ်။ အဲဒါမှာ သပိတ်နဲ့ဆက်နွယ်သူ ၁၀ ဦးလောက်ပါတယ်လို့ သိရပါတယ်။ ကျန်တာ ကတော့ ရိုးရိုးလူငယ်တွေပဲ။ ဒါပေမယ့် Click သူ၊ ဖေ့ဘုတ်စ်မှာ တက်ကြွ လှုပ်ရှားသူ၊ ငွေလှူတာတွေကြောင့်လည်း အဖမ်းခံရတယ်ကြားပါတယ်”ဟု သပိတ်လူငယ် တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က မြို့နယ်တိုင်း ဧည့်စာရင်းများကို စီမံချက်ဖြင့် စစ်ဆေး နေသည့်အပြင် ရန်ကုန်မြိုရှိ ကုန်းတံတားများအောက်တွင်လည်း လုံခြုံရေးအရ ကားမရပ်ရန် Police Line ကြိုးအဝါများ တားဆီးထားကြောင်း သိရှိရသည်။

မြေနီကုန်း၊ ရှစ်မိုင်၊ တာမွေ အပါအဝင် ကုန်းတံတားများအောက်တွင် ကားများ ရပ်နားခြင်း၊ လူများ မှောင်ရိပ်ခိုခြင်းများ မပြုလုပ်နိုင်ရန် Police Line ကြိုး အဝါများကို ဇွန်လ ၁၄ ရက်နေ့မှ စတင် တားထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် နေအိမ်တွင် အိမ်ထောင်စု ဇယား များနှင့် မိသားစုဓာတ်ပုံများကို ၄ ပေ ၊ ၆ ပေ ဗီနိုင်း ထုတ်ပြီး အိမ်ရှေ့ တွင် ကပ်ထားခိုင်းများကို ဇွန်လ ၆ ရက်နေ့မှ လုပ်ဆောင်ခိုင်းနေကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင်မူ လူငယ်လူရွယ်ရှိသော နေအိမ်တိုင်း ညဘက် ကင်း စောင့် ရန်၊ စစ်ကားများနှင့်အတူ လုံခြုံရေး လိုက်ပါရန် ပေါ်တာဆွဲ မှုများ ရှိနေကြောင်း သိရှိရသည်။

“လူငယ်ရှိတဲ့ အိမ်တွေက စစ်ကားနဲ့လိုက်ဖို့ ညဘက် အုပ်ချူပ်ရေးမှုးရုံး မှာ ကင်းစောင့်ဖို့ မဲနှိုက်ရပါတယ်။ တချို့တွေ မဲပေါက်ပြီး လုံးဝမလုပ်ချင်တော့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ငိုယိုတောင်းပန်တဲ့သူတောင်းပန်နဲ့ မတရား အနိုင်ကျင့် ခံနေရပါတယ်။ အရင် လအနည်းငယ်ကလည်း ရပ်ကွက်တခုနဲ့ တခု ကူးသန်းသွားလာခွင့်ကတ်ဆိုပြီး တချို့ရပ်ကွက် ၅၀၀ ကျပ်၊ တချို့ ရပ်ကွက် တွေမှာ ၁၀၀၀ ကျပ်ပေးပြီး ဝင်ထွက်ခွင့်ကတ်ဝယ်ရပါတယ်။ အဲဒါမပါဘဲ အစစ် ခံရရင် ဒဏ်ငွေသောင်းကဏန်း အတပ်ခံရ၊ အရိုက်ခံရတယ်” ဟု ဒေသခံ တစ်ဦး က ပြောဆိုသည်။ khit thit

မအူပင်-မလတ်တို-ထနီး-ရေလဲ လမ်းတစ် လျှောက်ရှိ နေအိမ်များကိုဖျက်ရန် စစ်ကောင်စီအမိန့်ထုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မအူပင်-မလတ်တို-ထနီး-ရေလဲ ကားလမ်းမ ဘေးတစ်လျှောက်ရှိ ပြည်သူပိုင် နေအိမ်များ၊ စျေးဆိုင်များကို ဇွန်လ ၁၆ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းရန် စစ်ကောင်စီ လိုက်လံကြေညာနေကြောင်း ဒေသခံများထံက သိရသည်။

“ ကားလမ်းဘေး ပေ ၃၀ ကို ဖျက်ရမယ်ဆိုပြီးတော့ လိုက်ကြေညာနေတာ။ သူကြေညာတဲ့အတိုင်းဆိုရင် ရေလဲလေး မီးသတ်စခန်းတောင်မှ မလွတ်ဘူး။ မနက်ဖြန် အပြီးဖျက်ရမယ်လို့ ကြေညာတယ်။ သတင်းမှာလည်း အတင်းဘူဒိုဇာနဲ့ ထိုးပြီး ဖျက်နေတာတွေ မြင်နေတော့ အကုန်လုံးလည်း ကြောက်နေကြတယ်။ အကုန်ဖျက်ဖို့ ပြင်နေကြတယ်။ ပြီးရင်တော့ ဘယ်မှာနေရမယ် မသိသေးဘူး။ ဝါလည်းဝင်ခါနီးတော့ အတော်ကို ဒုက္ခရောက်နေပါတယ်။ နေရာအစားရော လျော်ကြေးလေး ဘာတစ်ခုမှမပြောပါဘူး” ဟု ရေလဲလမ်းဆုံအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

ဆားမလောက် လမ်းဆုံမှစတင်ကာ မအူပင်မြို့အထိ ကားလမ်းမကြီးတစ်လျှောက် လမ်းမကြီးမှနေ၍ ပေ ၃၀ ခန့်အကွာတွင်ရှိနေသည့် နေအိမ်များကိုလည်း စစ်ကောင်စီမှ ဖယ်ရှားခိုင်းထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင် ကားလမ်းဘေးတစ်လျှောက်မှ နေအိမ်များကိုလည်း စစ်ကောင်စီမှ လိုက်လံဖျက်သိမ်းခဲ့သေးသည်။

စစ်ကောင်စီ အာဏာသိမ်းယူအပြီး တစ်နှစ်ကျော်အတွင်း ပြည်သူပိုင်နေအိမ်များကို ကျူးကျော်ဟုဆိုကာ အချိန်ပေးအကြောင်းကြားခြင်း၊ နစ်နာကြေးပေးခြင်း၊ မြေနေရာအစားထိုး ပြန်ပေးခြင်းမရှိဘဲ ဖျက်ဆီးဖယ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။ mizzima

မြန်မာ့စီးပွားရေးကို ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်မလုပ်နိုင်တော့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးမှု များနိုင်

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံအား ကွက်လပ်ထားပြီး ချန်လှပ်ထားပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ နှစ်စဉ် ဇွန်လမှာ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်းတွက်ချက်နိုင်မှု မရှိတာကြောင့် ကွက် လပ်ထားပြီး ချန်လှပ်ထားခဲ့တာပါ။

အခုလို ချန်လှပ်ထားရတဲ့အကြောင်းရင်းက အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက မခန့်မှန်းနိုင်တော့တဲ့အတွက် ချန်လှပ်ထားခဲ့တာလို့ စီးပွားရေးသုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက် စီးပွားရေးပညာရှင်တဦးက “ယခင် စစ်အစိုးရလက်ထက်မှာလည်း အဲ့လိုအခြေအနေတွေ ရှိခဲ့ဖူးတယ်။ ဒါက ကမ္ဘာ့ဘဏ် တခုတည်းတင်မဟုတ်ဘူး။ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာကထုတ်တဲ့ အစီရင်ခံစာတွေမှာ မြန်မာပြည်နဲ့ပတ်သတ်တာ မပါတော့ဘူး။ မပါရတဲ့ အကြောင်းရင်က ယုံကြည်မှု မရှိလို့ဘဲ။ နောက်တချက်က စစ်အစိုးရက ဒီလိုကာလမျိုးမှာ သူတို့ သုံးချင်တဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ လုံခြုံရေးအသုံးစရိတ်တွေကို အများကြီးသုံးတာရှိတယ်။ အဲဒါတွေကို ကမ္ဘာကို မသိစေချင်ဘူး။ ဒီ့အတွက်ကြောင့် အချက်အလက်တွေ မပို့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်တဲ့ အစီရင်ခံစာတွေဟာ သက်ဆိုင်ရာနိုင်ငံမှ အုပ်ချုပ်သူတွေက တာဝန်ခံပြီး ပို့ပေးရတာ။ အခုကတော့ အာဏာရှင်အစိုးရ ဆိုတော့ ထုံးစံအတိုင်း သူတို့ လုပ်ချင်တာ လုပ်ကြတာပေါ့။ ဒါကြောင့်လည်း မယုံကြည်လို့ ချန်လှပ်ထားခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိတာကြောင့် အုပ်ချုပ်သူ အစိုးရမှ ပေးပို့တဲ့အချက်အလက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ယုံကြည်မှု ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံနည်းတူ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် နိုင်ငံတို့ရဲ့ စီးပွားရေးအခြေအနေကိုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားခဲ့တဲ့ အကျိုးသက်ရောက်မှုက အဆိုပါနိုင်ငံအတွက် ဆုံးရှုံးမှု များစွာ ရှိတဲ့အကြောင်း စီးပွားရေးသုတေသီတဦးက အခုလို သုံးသပ်ပြောပါတယ်။

“အချက်အလက်ကိန်းဂဏန်း ဆိုတာမျိုးက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးအပေါ်မှာ အရမ်း အဓိကကျတယ်။ သူတို့က တိုင်းပြည်တပြည်ရဲ့ စီးပွားရေးကိုကြည့်တဲ့အခါမှာ အဲဒီကိန်းဂဏန်းတွေကို စစ်ဆေးကြတာ။ ဒီတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက တိုးတက်လား၊ ကျနေလား။ ပြီးတော့ ဒီတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အခြေအနေကောင်းရဲ့လား ဆိုတာက အချက်အလက်တွေကို ကြည့်ပြီး ဆုံးဖြတ်ကြတာလေ။ အခုတော့ အဲဒီအချက်အလက်တွေ မရတော့ဘူးဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ဒီနိုင်ငံအပေါ် စိတ်ဝင်စားမှု လျော့ကျစေတယ်။ ဒီအကျိုးဆက်က နိုင်ငံတကာအကူအညီနဲ့ နိုင်ငံတကာအထောက်အပံ့တွေ မလာနိုင်တော့ဘူး။ ဘာကြောင့်လဲဆို ဒီခေတ်မှာက သတင်းအချက်အလက် စီးဆင်းမှုက အရမ်းအရေးကြီးတယ်လေ။ အခုဆိုရင် အရေးကြီးတဲ့ စီးပွားရေးသတင်းတွေက ပျောက်သွားပြီဆိုရင် နိုင်ငံတကာမှ အကူအညီတွေလည်း မျှော်မှန်းလို့ မရတော့ဘူး။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း မလာနိုင်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လတာအကြာ ဇူလိုင်လမှာ ကမ္ဘာ့ဘဏ် က မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အခုနှစ် အစောပိုင်းထုတ်ပြန်ချက်မှာ မြန်မာ့စီးပွားရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်ဖို့ ရှိပြီး အလွန်စိုးရိမ်စရာ အခြေအနေလည်း ရှိတယ်လို့ မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုထားပါတယ်။

“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမတချက်က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရှုထောင့်က စိုးရိမ်စရာ ရှိပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ထိုင်းက ၂ ဒသမ ၉  ရာခိုင်နှုန်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ၅ ရာခိုင်နှုန်းအထက် တိုးတက်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ DVB

ဒီပဲယင်းမြို့နယ်၊ မူးကမ်းရွာကို အကြမ်းဖက် စစ်တပ်က စီးနင်းမီးရှို့မှုကြောင့် နေအိမ် ၃ဝဝ ခန့် ပြာကျ၊ အမျိုးသမီး ၄ ဦးကို စစ်တပ်က ကာအိန္ဒြေပျက်ပြား စေသည်အထိ ညှဉ်းပန်းနှိပ်စက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၃ဝဝ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ကျေးရွာနေ အမျိုးသမီး ၄ ဦးကို ကာအိန္ဒြ ပျက် ပြားစေသည်အထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ ပြည် သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဝင်ရောက်စီးနင်းပြီး ညပိုင်းအချိန်အထိ မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

” အခုမှ ရွာထဲမှာ မီးတွေ လိုက်ငြိမ်းနေတယ်။ မီးလောင် ပျက်စီးတာက အိမ်ခြေ ၃ဝဝ လောက်ရှိတယ်။ အဲတာ ခန့်မှန်းခြေပါ။ အခုထိတော့ အတည်မပြု နိုင် သေး ဘူး။ ကျန်တော်တို့လည်း မီးငြိမ်းနေတုန်း အခုလောလောဆယ်က အဲစာရင်း က ခန့်မှန်းပြောတာပေါ့။ သူတို့ ရွာထဲဝင်လာတဲ့အချိန် ပြည်သူတွေ ဖမ်းဆီးခံရတယ်။ ဖမ်းခံရပြီးတော့ ပြန်လွှတ်တယ်။ ပြည်သူတွေအကုန်လုံးက အင်္ကျီအဝတ်အစား ဘာမှမရှိဘူး။ တစ်ကိုယ်စာအဝတ်တွေပဲရှိတော့တယ်။ အိမ် တွေလည်း အကုန်မီးလောင်သွားတော့ ချက်စား စရာပစ္စည်းတွေလည်း တစ်ခုမှ မရှိတော့ဘူး။ ကျွန်တော်တို့ရွာက ကျယ်တယ်။ ကျယ်တော့ တစ်ရွာလုံး မဟုတ်ဘူး။ တစ်ဝက်ပါသွားတာပေါ့။ လယ်ထွန်စက်တွေကော အကုန်ကို ပါတာ စပါးဆုံးရှုံးတဲ့ သူတွေလည်းများတယ်။ စာရင်းတွေတော့ မကောက် နိုင်သေးဘူး။ မီးငြိမ်းနေရတုန်း ရွာထဲက ကောင်မလေး ၄ ယောက်ကိုလည်း ကာအိန္ဒြပျက်ပြားအောင်လည်း စစ်တပ်က စစ်ဆေး မေးမြန်း တာတွေ လုပ် သွားတယ်” ဟု ဒေသ ခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ဒေ သခံပြည်သူ များ အနည်းစုသာ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်လာကြောင်း၊ မီးငြိမ်း သတ်မှုများ ပြုလုပ်နေကာ အဝတ်တစ်ထည်ဖြင့် ထွက်ပြေးနေရသော ပြည် သူများသည် စားဝတ်နေရေးနှင့် အမိုးအကာပစ္စည်းများ အရေးပေါ် လိုအပ် လျက် ရှိကြောင်း သိရသည်။khit thit

« Older Entries