ကနီ၊ ရေဦးနှင့်တန့်ဆည်တွင် စစ်တပ်က ရွာပေါင်း ၅၀၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီ အဓိက အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ကနီ၊ ရေဦးနှင့် တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါ ပျူစောထီးများက ရွာပေါင်း ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ကိုင်းတိုင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပို့ရေးအဖွဲ့များထံမှ သိရှိရသည်။
ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာကာ ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်ပြီး ရွာသားအချို့ကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များအတွင်း ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း၊ ယင်းနောက် ကျေးရွာကို မီးတင်ရှို့ရာ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
“ရေဦးမြို့နယ် ချမ်းသာရွာ အိမ်ခြေ တစ်ရာကျော်ကို စစ်ခွေးတွေ မီးရှို့သွားလို့ ရွာသူရွာသားတွေ စားဝတ်နေရေး အကူညီလိုအပ်နေကြတယ်။အဲ့ဘက်ရွာက မြေပြင်အဖွဲ့တွေရော စစ်ဘေး/ မီးဘေးဒုက္ခသည်တွေရောပဲ
မြေပြင်အနေထားရော မီးဘေးဒုက္ခသည်တွေရော အကူအညီအရမ်းလိုအပ်နေပါတယ်” ဟု PDF ခေါင်းဆောင်တစ်ဦး ဖြစ်သော ဗိုလ်တောက်က ပြောသည်။
ကနီ၊ ရေဦးနှင့်တန့်ဆည်သည် စစ်တပ်၏ ပုံစံအမျိုးမျိုးဖြင့် စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံးမှုများပြီး စားဝတ်နေရေး အဓိက ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီဘက် ရဟတ်ယာဉ်နဲ့ ဝင်ပစ်တော့ ပြည်သူတွေက တိမ်းနေရတာပေါ့။ ကျွန်မတို့က အစားအသောက်တွေလည်း ပို့ပေးရတယ်။ တောတောင်တွေထဲမှာ နေရတာပေါ့။ သူတို့တွေ ဒုက္ခရောက်နေတယ်။ များသောအားဖြင့် တန့်ဆည်တို့၊ ကနီတို့ဘက်က အခြေအနေအရမ်းဆိုးတာပေါ့ ။ ရေဦးနယ်ဆို တန့်ဆည်နဲ့ ချုပ်စပ်ပေါ့ ။ အဲဒီဘက်မှာက အများဆုံး အဲဒီ ဒုက္ခကို ကြုံရတယ်။ တန့်ဆည်နယ်မှာက ကန့်ဘလူနဲ့ ချုပ်စပ်မှာ ၊ ကန့်ဘလူမှာက ၂၁ ရွာလုံးက ပျူဖြစ်နေတာ။ပျူတွေက ဒီဘက်အထိ တိုးလာတဲ့အခါ ရွာတွေကို တက်သိမ်းတာ ။ အဲဒီတော့ စစ်ဘေးရှောင်တွေကိုလည်း အကူအညီပေးရတယ် ။ မီးရှို့ဖျက်ဆီးခံရတာလည်း ရွာ ၅၀၀ ကျော် ၊ အိမ်ခြေ ၅၀၀ ကျော် မဟုတ်ဘူးနော်။ ရွာ ၅၀၀ ကျော် ရှိနေတာ ” ဟု ကူညီရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကူအညီပေးရေး အဖွဲ့များအနေနှင့် အွန်လိုင်းပေါ်မှ တစ်ဆင့် အလှူခံခြင်းများလည်း လက်ရှိအချိန်တွင် မပြုလုပ်နိုင်တော့ကြောင်း၊ အွန်လိုင်းတွင် အလှူခံပါက စစ်တပ်က စုံစမ်းထောက်လှမ်းကာ အကောင့်များ အပိတ်ခံရခြင်းများ ခံရကြောင်း၊ ငွေကြေးများဆုံးရှုံးကြောင်း ကူညီရေးအဖွဲ့ဝင်များ ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် မီးဘေးသင့်များနှင့် စစ်ဘေးရှောင်များသောင်းချီရှိနေသည့်အတွက် အဆိုပါ ပြည်သူများအတွက် စားနပ်ရိက္ခာများ အခက်အ ခဲတွေ့နေပြီး အကူအညီများ လိုအပ်နေကြောင်း ထောက်ပို့နှင့် စစ်ဘေး မီးဘေးဒုက္ခသည်များ ကူညီရေးအဖွဲ့ခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ khit thit