ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် အပြန်အ လှန် ပစ်ခတ်မှုဖြစ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၁၅ရက်နေ့ နံနက်၉ နာရီခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သားများသည် သေနတ်ကိုင်ပြီး လျှပ်စစ်မီတာခ လိုက်ကောက်ခဲ့ခြင်းကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာဟန်းရပ်ကွက်နေ ဒေသခံထံမှ သိရသည်။
“မွန်းလိုင်ရပ်ကွက်ကို မနေ့က မီတာကြေးလာကောက်တယ်။ဒီနေ့လည်းလာကောက်လို့ PDF တွေက ဝင်တိုက်တာပါ။ ပြီးတော့ ကျောင်းတွေတက်ကြလို့ ဗုံးခွဲခံရတာလည်းပါတယ်။ အ.ထ.က (၈) ကျောင်းကို ဗုံးခွဲတယ်လို့ကြားတယ်။ ရပ်ကွက်ထဲမှာ အမျိုးသမီးတစ်ဦး ဗိုက်မှာကျည် ဆန်ထိမှန်လို့ ဆေးရုံပို့တယ်။တခြား ထိခိုက်ပျက်စီးတာတော့ မကြားသေးဘူးရှင့် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားများသည် လက်ရှိ တာဟန်းရပ်ကွက်က ဘောလုံးကွင်းတွင် စခန်းချ တပ်စွဲထားသည်ဟုလည်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မေလ၂၈ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေကြာတိုက်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။ mizzima