ခြိမ်းခြောက်ဒုက္ခပေးနေသော Non-CDM ကျောင်းဆရာမများကို တောင်ကြီး မြို့ပြပြောက်ကျားတပ်ဖွဲ့မှ သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် စာသင်ကျောင်းတချို့မှ Non-CDM ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းသားများး၊ ကျောင်းသားမိဘများနှင့် CDM ဆရာ၊ဆရာမများအပေါ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး Taunggyi Guerilla Force (TGF) ပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်ကြောင်း သိရသည်။
”သတိပေးစာ ထုတ်ရတဲ့အကြောင်းကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့ ကျောင်းသားကျောင်းသူတွေ ရှိပါတယ်ဗျ။ သူတို့တက်နေရတဲ့ကျောင်းက ဒုကျောင်းအုပ်က သူ့အဆောင်မှာ လာတက်ခိုင်းပါတယ်။မတက်ရင် အတန်းမတင်ပေးဘူးဆိုပြီး ကျောင်းသားနဲ့ကျောင်းသားမိဘတွေကို ခြိမ်းခြောက်ပါတယ်ဗျ။ ကျွန်တော်တို့ စုံစမ်းရသလောက် သုံးလေးဦးရှိပါတယ်ဗျ။ ဆရာပီသတဲ့ ဆရာတွေအဖြစ်ပဲ မြင်စေချင်လို့ အဓိကစာထုတ်ပြီး သတိပေးရတာပါဗျ” ဟု Taunggyi Guerilla Force (TGF) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီမှဖွင့်လှစ်သော တောင်ကြီးမြို့တွင် ကျောင်းတက်သောကျောင်းသားဦးရေမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများကြောင်း၊ တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းအတွက် ငွေကြေးအမျိုးမျိုး ကောက်ခံနေကြောင်း၊ တောင်ကြီးမြို့နယ် ဖာဖွန်းကျေးရွာက တွဲဘက်အထက်တန်းကျောင်းတွင် တစ်အိမ်လျှင် ၁၅,၀၀၀ ထည့်ရကြောင်း၊ ကလေးကျောင်းသားမရှိလည်း ထည့်ရကြောင်း၊ ဖာဖွန်းရွာမှာ အိမ်ခြေ ၂,၀၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူများမှာ ပညာရေးနှောင့်နှေးမည်စိုး၍ မဖြစ်မနေကျောင်းတက်နေရသော်လည်း ဆရာဆရာမများမှ ဆရာ မပီသဘဲ အနိုင်ကျင့်လုပ်ဆောင်ခြင်းမျိုး၊ CDM ဆရာဆရာမများကို ခြိမ်းခြောက်ခြင်းမျိုး မလုပ်သင့်ကြောင်း၊ ငွေကြေးမတတ်နိုင်သော ကျောင်သားမိဘများအပေါ် ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ဆက်လက်ကျူးလွန်နေပါက အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
”ကျောင်းအုပ်၊ ဒုကျောင်းအုပ်တွေက အမှန်ဆို ခုလိုနိုင်ငံရေးအခြေနေမျိုးမှာ ကိုယ့်ရဲ့ကျောင်းသူကျောင်းသားတွေကို ကျောသားရင်သားမခွဲခြားဘဲ၊စာနာနားလည်ပြီး သင်ပြပေးရမှာမဟုတ်ဘူးလားဗျ…ခုက ဆရာဆရာမတွေက ကိုယ့်အလုပ်ကို မလုပ်ဘဲ စကစ ရဲ့အလိုကျပုံစံမျိုးလုပ်နေတာကတော့ အဆင်မပြေဘူးဗျ” ဟုTaunggyi Guerilla Force (TGF) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်က ဆိုသည်။
”ခုကတော့ စာထုတ်ပြီးသတိပေးစောင့်ကြည့်ပါမယ်ဗျ ။ပထမဆုံးနဲ့ နောက်ဆုံး ထုတ်ပြန်ခြင်းပါ။ ထပ်ပြီး အခုလိုမျိုး ထပ်လုပ်လာရင်တော့ ကျွန်တော်တို့လည်း အဲလိုလုပ်တဲ့သူ တစ်ဦးတစ်ယောက်တည်းကိုပဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မယ်ဗျ။ ဒီလို လုပ်ဆောင်တဲ့အခါမှာကျောင်းသားကျောင်းသူနဲ့ မဆိုင်တဲ့သူတွေကို မထိခိုက်အောင်တော့အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါဗျ”ဟု သူက ဆက်ပြောသည်။
Taunggyi Guerilla Force (TGF) ပြောက်ကျားတပ်ဖွဲ့မှာ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကယားနှင့် ဖယ်ခုံအဖွဲ့များသို့ အားဖြည့်ကူညီပေးနေရသောကြာင့် မြို့ပေါ် mission များကို ခေတ္တခဏရပ်နားထားသော်လည်း မြို့တွင်းရှိ စစ်ကောင်စီရဲ့လက်ကိုင်တုတ်ဒလန်တွေနဲ့ ပြည်သူများအပေါ် ဖိနှိပ်ဂုတ်သွေးစုတ်နေသူများ၏ သတင်းအချက်အလက်များကို စုံစမ်းပြုစုထားကြောင်း ဆိုသည်။
”အခုတော့ဒလန်တွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို အလှည့်ကျရှင်းဖို့လုပ်နေတယ်။ ရွှေညောင်မြို့မှာ ခြောက်ယောက်ကျန်တယ်ရှင်းဖို့။ အေးသာယာနဲ့စစ်မှုဇုန်မှာ ၁၂ယောက်။ တောင်ကြီးမှာက ၁၀ ယောက်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီဝင် ဗိုလ်မှူးတွေနဲ့ပေါင်းပြီး လုပ်ချင်တိုင်းလုပ်နေကြတယ်ဗျာ။ ရွေညောင်ကအုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုရင် ဗိုလ်မှူးတစ်ယောက်နဲ့ပေါင်းပြီး အရမ်းနာမည်ထွက်နေတယ်။ မြေကိစ္စမှာလည်း သူတို့လုပ်တာနဲ့ရှမ်းတောင်က မြေကွက်ရောင်းတဲ့သူတွေအားလုံး ဒုက္ခရောက်နေကြတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
Taunggyi Guerilla Force (TGF)ပြောက်ကျားတပ်ဖွဲ့က လတ်တလောတွင် မြို့ပေါ်mission များရပ်နားထားသော်လည်း လိုအပ်သောနေရာများတွင် ကူညီပြီးတိုက်ပွဲဝင်ပေးနေကြောင်း၊ အမှန်တကယ်လိုအပ်နေသော အခြားအဖွဲ့အစည်းများကို တတ်နိုင်သလောက် ဝိုင်းဝန်းကူပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိလာပါက မိမိတို့page မှတစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် စစ်ကောင်စီတပ်နှင့် ဝေးနိုင်သမျှ ရှောင်ပြီးသွားကြရန် လိုအပ်ကြောင်း ပြောဆိုထားသည်။ mizzima