စစ်ကောင်စီ ရွေးကောက်ပွဲမကျင်းပနိုင်ရေး ဝိုင်းဝန်းပိတ်ဆို့ရန် အဖွဲ့ ၃၀ ကျော် တိုက်တွန်း

စစ်ကောင်စီက စီစဉ်ကျင်းပဖို့လုပ်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမှာ ဖြစ်သလို ဒီရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် နိုင်ငံရေးစင်မြင့်ကို ပြန်တက်နိုင်တဲ့အတွက် သူ့ရဲ့ ထွက်ပေါက်မှန်သမျှ ပိတ်ဆို့သွားဖို့ အဖွဲ့ ၃၀ ကျော်က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေး တိုက်ပွဲဝင် အင်အားစုအသီးသီးရဲ့ ရွယ်ရွယ်ချက်ဟာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်ကောင်စီအဖို့ ထွက်ပေါက်ဖြစ်ပြီး ဒီမိုကရေစီအရေး လုံးဝမဟုတ်ဘဲ စစ်အာ ဏာရှင်စနစ်ကို အသွင်သဏ္ဌာန် ပြောင်းတာဖြစ်လို့ စစ်ကောင်စီရဲ့ ထွက်ပေါက်မှန်သမျှကို အခိုင်အမာပိတ်ဆို့ဖို့ တိုက်တွန်းတာဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် အဖွဲ့ပေါင်း ၃၉  ဖွဲ့က အခုလို ထုတ်ပြန်လိုက်တာပါ။

အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ) တွဲဘက် အထွေထွေအတွင်းရေးမှူး ၂  လွေးပိုးငယ်က “အဓိကကတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ အဲဒီရွေးကောက်ပွဲသည် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး။ ဒါ အတုအယောင်ပဲ ဖြစ်တယ်။ သူက ၂၀၀၈ ကို ပြန်လည် အသက်သွင်းလိုပြီးတော့မှ သူအကျပ်အတည်းအောက်ကနေ လွတ်မြောက်နိုင်ဖို့အ တွက် ထွက်ပေါက်တခုပဲဖြစ်တယ်။ အဲဒီထွက်ပေါက်ကို ကျမတို့ ပြည်သူလူထုတွေက လက်မခံဖို့လိုတယ်။ ရွေးကောက်ပွဲက လက်ရှိကာလမှာ ရှိနေတဲ့ နိုင်ငံရေးအဖြေရှာတဲ့ အဖြေတခုမဟုတ်သေးဘူးပေါ့နော်။ အဲဒါကြောင့်မို့ ကျမတို့ ပြည်သူတွေက ဒီအကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်းဘဲနဲ့ ကန့်ကွက်ဖို့ လိုအပ်တယ်ဆိုတာကို ကျမတို့က အထူးသဖြင့်မေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “အဓိကကတော့ ရွေးကောက်ပွဲဆိုတာကို ကနေ့ စစ်အုပ်စုက ပြောတာတော့ ကြာပါပြီ။ ၁ အချက်က ဒီစစ်အုပ်စုက တရားဝင်တဲ့ အစိုးရတခု မဟုတ်ဘူး။ ၂ အချက်က ဒီစစ်အုပ်စုဟာဆိုရင် ကနေ့အခြေအနေမှာဆိုလို့ရှိရင် နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ တခြားအခြေအနေ အချက်အလက်ပေါင်းစုံမှာ နိုင်ငံရေးစင်မြင့်ပေါ်ကို လက်တွေ့ပြန်ပြီးတော့ သူ တက်နိုင်တဲ့အခြေအနေ မရှိသေးဘူး။ နိုင်ငံတကာကလည်း သူ့ကို စာရင်းထဲသွင်းတာ မဟုတ်ဘူး။ ဒေသဆိုင်ရာ နိုင်ငံတွေကလည်း အဲဒီအတိုင်းပဲ။ တ ပြိုင်နက်တည်းမှာ တိုင်းပြည်ထဲမှာရှိနေတဲ့ ပြည်သူအများစုကလည်း ဒီစစ်အုပ်စုကို လုံးဝ လက်မခံနိုင်ပါဘူးဆိုတာ နေ့စဉ်နဲ့အမျှ ပြောနေတာဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုတဲ့ ကိစ္စတွေက သူတို့ပြောတဲ့ ဆိုတဲ့ ကိစ္စတွေ အထူးသဖြင့် မဲဆန္ဒနယ် သတ်မှတ်တဲ့ ကိစ္စတွေမှာ သူတို့ဆောင်ရွက်နေတာတချို့ကို ကျနော်တို့ တွေ့ရတယ်ဗျာ။ ဒီလိုလုပ်တာပဲဖြစ်ဖြစ် တခြား နိုင်ငံရေးကိစ္စတွေကို ဆောင်ရွက်တာပဲဖြစ်ဖြစ်၊ လက်တွေ့ကျတော့ ဒီစစ်အုပ်စုက နိုင်ငံရေးစင်ပေါ်ကို သူပြန်ပြီးတော့တက်ဖို့ ကြိုးစားတာဖြစ်တယ်။ အဲလိုအခြေအနေမျိုးကို ကျနော်တို့ ပြည်သူလူထုက ခွင့်မပြုနဲ့၊ အဲလိုအခြေအနေမျိုးကို ကျနော်တို့အားလုံးက ခွင့်မပြုသင့်ဘူး၊ ဒါကြောင့် ဝိုင်းပြီးတော့ ဒီအခြေအနေကို ပိတ်ဆို့ကြဖို့၊ တားဆီးကြဖို့ ကျနော်တို့အနေနဲ့ ဆော်ဩတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါက စစ်အုပ်စုအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမာန်ရေး စတဲ့ အဘက်ဘက်က အရူးမီးဝိုင်းနေတဲ့ အခြေအနေကနေ တစုံတရာ ဟန်ထုတ်ပြောပြလို့ရနိုင်တဲ့ အနေအထားသစ်ကို ရရှိသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရေးကြီးတဲ့ အဆစ်အချိုးကာလဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအတွင်း ညီညွတ်ရေးကို အစွမ်းကုန်ထိန်းသိမ်းပြီး စစ်ကောင်စီရဲ့ လှည့်စားမှုတွေကြား ယိမ်းယိုင်မှု မရှိကြဖို့နဲ့ လက်တွဲကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်အုပ်စုအနေနဲ့ ကန့်ကွက်မှုကြားက ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားမယ်ဆိုပါက နိုင်ငံတကာရော ပြည်သူကပါ အသိအမှတ်ပြုမှာ မ ဟုတ်ပေမဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပါက သူတို့ဟာ တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ အခင်းအကျင်းမျိုးကို ဖန်တီးနိုင်မှာ ဖြစ်တဲ့အ တွက် အားလုံးဝိုင်းပြီး သူတို့ရဲ့ ထွက်ပေါက်မှန်သမျှ ပိတ်ဆို့ဖို့လည်း တိုက်တွန်းထားပါတယ်။

“အဓိကတော့ နိုင်ငံရေးအရ သူတို့ကို ဘယ်သူမှ တစုံတရာ အသိအမှတ်ပြုတဲ့ အခြေအနေ မဟုတ်ဘူး။ အဲဒါ သူတို့ကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာဖို့ ကြိုးစားတဲ့ကိစ္စ ဖြစ်တယ်။ အဲလိုကြိုးစားတဲ့ကိစ္စတွေက ရွေးကောက်ပွဲတခုတည်းလည်း ဟုတ်ချင်မှဟုတ်မယ်။ တခြားကိစ္စတွေလည်း အများကြီးဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ သူတို့ ဘယ်လိုပဲ ကြိုးစားကြိုးစား ဘယ်နည်းနဲ့ပဲ ကြိုးစားကြိုးစား သူတို့ကို ဝိုင်းပြီးတော့ ပိတ်ဆို့ဖို့၊ တားဆီးဖို့ လိုအပ်တယ်။ အဓိက သူတို့ နိုင်ငံရေးနယ်ပယ်ထဲက ထွက်သွားဖို့ အထူးသဖြင့် လိုအပ်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်တာဖြစ်ပါတယ်ဗျာ။”

သပိတ်အင်အားစုတွေ၊ နိုင်ငံရေးပါတီ၊ အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့၊ တိုင်းရင်းသားနဲ့  လူငယ်ရေးရာ   အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း  ၃၉  ဖွဲ့က ပူးတွဲပြီး အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s