ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းပြည် သူ့စစ်တပ်ဖွဲ့ (PNO/PNA)ဝင်တဦးပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး အမျိုးသမီးတယောက် အသက်အန္တရာယ်စိုးရိမ်စရာ ဒဏ်ရာရှိသွားပါတယ်။
ဇွန် ၁၄ ရက်က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာမှာ ကျင်းပနေတဲ့ ရိုးရာမီးလုံး(လူးဖုဲင်)ပွဲမှာ ခိုက်ရန်ဖြစ်ပွားနေချိန် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ထွက်ကောဝိဒက သေနတ်နဲ့ပစ်ခတ်ရာက ပွဲကြည့်လာတဲ့ အမျိုးသမီးတယောက် ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မီးလုံးပွဲမှာ စကားများရန်ဖြစ်ကြတဲ့ လူနှစ်ယောက်ကို PNO အဖွဲ့ဝင်ထွက်ကောဝိဒက ဆဲဆိုပြီး သေနတ်နဲ့ပစ်တာ။ ပစ်တဲ့သူကို မထိဘဲ ပွဲလာလည်တဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ထိသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ကျည်ထိမှန်လို့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ လက်ရှိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
ထွက်ကောဝိဒဟာ ၂၀၁၉ ခုနှစ်ကလည်း အလားတူ ပစ်ခတ်မှု တစ်ကြိမ်ကျူးလွန်ခဲ့ပြီး ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူကို ကျပ်သိန်း ၈၀ ပေးပြီး ခြိမ်းခြောက်ကျေအေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်နေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပအိုဝ်းအမျိုးသား ခွန်ဗွာထိုသွေးကို ထွက်ကောဝိဒက အင်အားသုံးဖမ်းဆီးကာ စစ်ကောင်စီကို အပ်နှံခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ ခွန်ဗွာထိုသွေးဟာ တောင်လေးလုံး အကျဥ်းထောင်အတွင်းမှာ သေဆုံးခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ DVB