မန္တလေးမြို့ နန်းမြို့ရိုးဝင်ပေါက်အနီးရှိ လပခ ဂိတ်ကို ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့၊ နန်းမြို့ရိုးဝင်ပေါက် ၁၉ လမ်းအနီးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ဂိတ်ကို ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) က သတင်းထုတ်ပြန်သည်။
သေနတ်ကျည်ညှပ်မှုကြောင့် နှစ်ချက်သာပစ်ခတ်နိုင်ခဲ့ပြီး ပြန်ဆုတ်ခဲ့ရကြောင်းနှင့် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ROM အဖွဲ့မှ ဗိုလ်ဖီးနစ်က ဆိုသည်။
“သေနတ်ကောင်းကောင်းမရလို့ပါ။ မှာတဲ့ဟာတွေလည်း လမ်းမှာမိတယ် “ဟု ၎င်းကပြောသည်။
အဆိုပါပစ်ခတ်မှုကို ROM၊ YURF နှင့် MDY UG alliance တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” လမ်းသွားလမ်းလာ ပြည်သူများကို ရှောင်ပစ်ခဲ့ရပြီး လက်နက်အခက်အခဲကြောင့် နှစ်ချက်ခန့်ပစ်ပြီး အမြန်ပြန်ဆုတ်ခဲ့ရပါတယ်။ ပြည်သူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်လို့ အသိပေးရင်း ဒီနေ့လှုပ်ရှားမှု ကြေညာအပ်ပါသည် ” ဟု Mandalay Ranger Force – PDF (ROM) မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်များ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ mizzima