မြေပုံတွင် စစ်ဘေးရှောင်နှစ်ဦး မိုင်းနင်းမိသ ဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတွင် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မိုင်းနင်းမိ သည့်အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဦးမောင်သန်းတင်(၃၅ နှစ်) ဖြစ်ပြီး ကိုမောင်ကြည်ဝင်း(၂၉ နှစ်)မှာ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ရွာအနီးအနားရှိ တောင်သို့ မျှစ်ချိုးရန်သွားကြစဉ် မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“မနေ့ မနက် ၈ နာရီကျော်လောက်က မျှစ်သွားချိုးတဲ့အချိန် ဖြစ်သွားတာ။ တစ်ဦးက ခြေထောက်နှစ်ဖက် လုံးပြတ်ပြီး သေသွားတယ်။ နောက်တစ်ယောက်ကတော့ ညာဘက် လက်မောင်း၊ ညာဘက် ဝမ်းဗိုက်မှာ ဒဏ်ရာ ရသွားပါတယ် ” ဟု ၎င်းက ဆိုသည်။
မိုင်းပေါက်ကွဲသည့် တောင်တန်းတွင် စစ်ကောင်စီတပ်ရင်းတစ်ခု တပ်စွဲထားပြီး စစ်ဘေးရှောင်စခန်းနှင့် ခြောက်မိုင်ကျော်ခန့်ကွာဝေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ကျန်လက်နက်နှင့်မိုင်းပေါက်ကွဲမူတို့ကြောင့် အရပ်သား ၅၆ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၁၃၄ ဦးအထိရှိလာကြောင်း ရခိုင်တိုင်ရင်းသားများအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။
ယခုကဲ့သို့ မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ စစ်ဘေး ရှောင်များကို နေရပ်ပြန်ခိုင်းနေခြင်းများရှိနေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် မိုင်းရှင်းလင်းမှုမပြီးပြတ်သေးဘဲ စစ်ဘေးရှောင်များအား နေရပ်ပြန် ခိုင်းနေသည်မှာ လွဲမှားမှုတစ်ခုဖြစ် ကြောင်း စစ်ဘေးရှောင်များကို မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး အသိ ပညာပေးမှုများပြုလုပ်လေ့ရှိသည့် ဝံလက်ဖောင်းဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။
“ အခုဖြစ်သွားတဲ့ စညှင်းမှာဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့နှစ်က မိုင်းအသိပေးတွေ လုပ်ထားတာရှိပါတယ်။ သို့ပေမဲ့ ပြောချင်တာက အခုလို မိုင်းတွေဘယ်လောက်ထိရှိနေလဲ ဆိုတာကို ပြောရခက်တယ်။ ဆိုတော့ အဲဒီမိုင်းတွေရှိနေသေးတာကို IDP တွေ၊ လက်ရှိ စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်တွေကို နေရပ် ပြန်ခိုင်းတယ်ဆိုတာက အစိုးရရဲ့စီမံမှုလွဲမှာမှုဖြစ်တယ်။ အဲဒါကြောင့် မိုင်းတွေကို ရှင်းပေးဖို့ပဲ ပြောချင်ပါ တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သော မေလအတွင်းကလည်း စားဝတ်နေရေးအတွက် တောတောင်များသို့သွားခဲ့ရသည့် မင်းပြားမြို့ နယ်၊ အမ်းမြို့နယ်၊ ကျောက်တော်မြို့ နယ်တို့မှ စစ်ဘေးရှောင်သုံးဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ရသည်။
ရခိုင်ပြည်နယ်ရှိ ပြည်သူအများစုမှာ တောတောင်များကို အဓိကမှီခိုအားထားပြီး လုပ်ကိုင်စားသောက်နေ ခြင်းဖြစ်သည့်အတွက် တောတောင်များတွင် မိုင်းရှင်းလင်းရေးအား လုပ်ပေးသင့်ကြောင်း စစ်ဘေးရှောင် များနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။ mizzima