ရွှေဘိုတွင် ရွာမှ လက်မခံသည့် စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ရွာမှလက်မခံဘဲ နှင်ထုတ်ထားသည့် စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားကို ယမန်နေ့ မေလ ၁၃ ရက်နေ့က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း Black Wolf PDF အဖွဲ့ထံက သိရသည်။
ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဆန်းသည် ချောင်းဆုံ ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး ပန်းတောင်းကျေးရွာတွင် ပစ်ခတ်ရှင်းလင်း ခံရခြင်း ဖြစ်သည်။
“သူက အရင်ကတည်းက ရဲသတင်းပေးပါ။ စစ်ကောင်စီ သတင်းပေးလုပ်သလို ဘိုတဲရွာကိုဝင်ပြီး ရွာသားတစ်ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်ကိုလည်း လမ်းပြလုပ်ခဲ့တဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ နေရာမှာတင် သေဆုံးခဲ့ပါတယ်” ဟု Black Wolf-PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဦးကျော်ဆန်းသည် ယခင်က ဇနီးဖြစ်သူနှင့်အတူ ချောင်းဆုံကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဒလန်လုပ်သည့်အတွက် ကျေးရွာက လက်မခံခြင်း ကြောင့် ပန်းတောင်းကျေးရွာအနီးတွင် ပြောင်းရွေ့သွားသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဦးကျော်ဆန်းသည် ထို့သို့ ပြောင်းရွေ့နေထိုင်ပြီးချိန်တွင်လည်း ထပ်မံ၍ ပတ်ဝန်းကျင်ကို ရမ်းကားခြိမ်းခြောက်ခြင်း၊ မကြာခဏဆိုသလို စစ်ကောင်စီအဖွဲ့ကို သတင်းပေးခြင်းနှင့် အကြမ်းဖက်စစ်ကြောင်းများတွင် လမ်းပြအဖြစ်လိုက်ပါ ဆောင်ရွက်ခြင်းတို့ကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
“လက်ရှိမှာ စစ်ကောင်စီက ရွှေဘိုမြို့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်း ထိုးနေပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကလည်း ဝက်လက်မြို့နယ် မဲကုန်းရွာကို စစ်တပ်က မီးရှို့နေပါတယ်။ Black Wolf PDF အနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု Black Wolf PDF တာဝန်ရှိသူက ပြောသည်။
Black Wolf PDF အဖွဲ့၏ စာမျက်နှာသည် Facebook Team ၏ ဖြုတ်ချခြင်းခံရသဖြင့် ပြည်သူများအနေဖြင့် ယခု စာမျက်နှာ အသစ် https://www.facebook.com/BLACKWOLFARMY/ ကို ဝန်းရံပေးရန် ဖိတ်ခေါ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။
Black Wolf PDF သည် ရွှေဘိုမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်ထိုင်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ပြီး drone mission သုံး ခု၊ ထိတွေ့တိုက်ပွဲ ၁၀ ခု နှင့် စစ်ကောင်စီ သတင်းပေးဒလန်ရှင်းလင်းမှု ၁၅ ခုကို ပြုလုပ်ထားသည် ဟုသိရသည်။ mizzima