ဝန်ကြီးချုပ်၏ PSO ဘဝမှ PDF တပ်ရင်းတစ်ခု၏တာဝန်ခံဖြစ်လာသူ CDM ရဲတပ်ကြပ်ကြီးအေးမင်းထွန်း၏ မိသားစုဝင် ၃ ဦးကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဖြစ်သူ CDM ရဲတပ်ကြပ်ကြီး အေးမင်းထွန်း၏ မိခင်ဖြစ်သူ ဒေါ်နော်ဆပ်တဖူး(ခ)ဒေါ်တင်ရွှေ၊ ညီ ကျော်စိုးအေးနှင့် ညီမ ခိုင်ခိုင်အေးတို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာရှိ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက် ၁၁ နာရီလောက်က မေမေ ဒေါ်နော်ဆပ်တဖူး၊ ညီ ကျော်စိုးအေးနဲ့ ညီမ ခိုင်အေးကို အရပ်ကား ၃ စီးနဲ့ လာဖမ်းသွားတယ်။ ကျိုက်ထိုမြို့မရဲစခန်း၊ ဒုစခန်းမှူးနဲ့ ခွေးအင်အား ၃၀ လောက်က လာဖမ်းသွားတာ၊ လောလောဆယ် တပ်မ ၄၄ ထဲမှာ ဖမ်းထားတယ်လို့ သိရတယ်” ဟု CDM ရဲတပ်ကြပ်ကြီး အေးမင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒေါက်တာအေးဇံ၏ PSO ကိုအေးမင်းထွန်းသည် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်မှုခင်းနှိမ်နင်းရေးဌာနမှ လုပ်သက် ၂၂ နှစ်ရှိ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ကာ KNU တပ်မဟာ ၁ နယ်မြေတွင် ရှောင်တိမ်းနေခဲ့သူဖြစ်သည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးနှိပ်စက်ခြင်းများ၊ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများကြောင့် CDM ရဲတပ်ကြပ်ကြီး အေးမင်းထွန်းသည် စစ်ကောင်စီကို ပြန်လည်တော်လှန်ရန် ဆုံးဖြတ်ကာ လက်ရှိတွင် KNU တပ်မဟာ ၁ ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံအဖြစ် လုပ်ကိုင်နေကြောင်း သိရှိရသည်။

“စစ်တပ်ရဲ့ ဖိအားတွေကို မခံနိုင်လို့ ကျနော် CDM လုပ်ခဲ့တယ်၊ ကျနော် ရှောင်တိမ်းခိုလှုံနေတဲ့ရွာကို စစ်တပ်ကဝင်ရောက်ပြီး ဆိုင်တွေဖျက်စီး၊ အိမ်တွေဖျက်စီး၊ ရွာသူရွာသားအိမ်တွေပေါ်က ရွှေငွေပစ္စည်းတွေ မတရားယူသွားတာကို မြင်ပြီး စကစကိုတော်လှန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော့်ဘက်က စကစကို တော်လှန်ဖို့ပဲ ဆုံးဖြတ်ပေမယ့် စကစရဲ့မိသားစုတွေကို ထိခိုက်မှုတွေမလုပ်ဖို့သစ္စာပြုထားတယ်။ သူတို့မိသားစုတွေကိုလည်း ကျနော်တို့ဖမ်းလို့ရတာပေါ့၊ ဒါပေမယ့် ကျနော်တို့အလုပ်က မိသားစုတွေနဲ့မဆိုင်ဘူးလေ။ အခု စစ်ကောင်စီက မဆိုင်တဲ့အလုပ်တွေကို အောက်တန်းကျကျလုပ်နေပြီ သူတို့ဘာဆက်လုပ်မလဲ ကျတော်စောင့်ကြည့်မယ် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်” ဟု KNU တပ်မဟာ ၁ ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များတွင် KNLA နှင့် PDF တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းများနှင့် စခန်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ် ဖြစ်လာပြီး တိုက်ပွဲများ ပြင်းထန်လာနေသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s