Monthly Archives: Jun 2022

ကျောက်ပန်းတောင်း-ညောင်ဦးလမ်းကြောတွင် စစ်ကောင်စီတပ် ပိတ်ဆို့စစ်ဆေး

မန္တလေးတိုင်း ကျောက်ပန်းတောင်း-ညောင်ဦးလမ်းကြောကို ဇွန် ၁၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေး ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလမ်းကြောပေါ်မှာ မိုင်းသုံးလုံး တွေ့ရှိခဲ့တာကြောင့် ကျောက်ပန်းတောင်း အထွက်လမ်းကနေ ညောင်ဦးမြို့အထွက်လမ်းအထိ ပိတ်ဆို့ကာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်ကားတွေကိုပါ ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “မိုင်းသုံးလုံးတွေ့လို့၊ မိုင်းရှာနေကြလို့၊ လမ်းပေါ်ကလူတွေလည်း အကုန်ရပ်ခိုင်းထားတာ၊ အကုန်စစ်တယ်။ ကျောက်ပန်းတောင်းအထွက်မှာလည်း ပိတ်လိုက်ပြီ၊ ညောင်ဦးအထွက်မှာလည်း ပိတ်လိုက်ပြီ” လို့ ပြောပါတယ်။

ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ရက်တွေကတည်းက လုံခြုံရေးတင်းကျပ်နေပြီး ကင်းပုန်းအများအပြား ချထားတယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဉ်၊ အိမ်စီးကားတွေကိုလည်း နံပါတ်ပြားပါမချန် အကုန်ရှာဖွေစစ်ဆေးနေပြီး ဆိုင်ကယ်တွေကိုရော၊ ဖုန်းတွေကိုပါ စစ်ဆေးနေတာလို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်တောဘက်မှာလည်း စစ်ကာင်စီတပ်တွေက တောနင်းရှာဖွေဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ DVB

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်ရန် ကြိုးပမ်းသူ နိုင်ကျဉ်း ၁၂ ဦး တိုက်ပိတ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်ရန် ကြိုးပမ်းသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံထားရကြောင်း ထောင်အဝင်အထွက်ရှိသူ ရှေ့နေအချို့ထံမှ သိရသည်။

ဇွန် ၁၉ ရက်တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ရန် ဇွန် ၁၄ ရက်က အင်းစိန်ထောင် သပြေဆောင်အတွင်း ကြိုးပမ်းနေစဉ် ထောင်အာဏာပိုင်များ သိရှိသွားကာ တိုက်ပိတ်ခံရခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

“ဆော့ပင်နဲ့ လက်မှာ တစ်ခုခုရေးပြီးတော့ ရုံးထွက်ရင်းနဲ့ (ထောင်ပြင်ပက ပြည်သူတွေသိအောင်) တင်မယ်ပေါ့။ အဲလိုဆိုပြီးတော့ လုပ်တာ သိသွားတယ်။ ၁၂ ယောက်လောက် တိုက်ပိတ်ခံလိုက်ရတယ် သပြေဆောင်က” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုရှေ့နေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရုံးပိတ်ရက်ဖြစ်သဖြင့် မွေးနေ့အကြိုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရအကျဉ်းကျနေသူများက တရားရုံးထွက်ချိန်တွင် “ရုံးထွက်” ဆိုသော စာသားရေးကာ လှုပ်ရှားမှုပြုလုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

ခေတ်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း ကျိုးပဲ့သည်အထိ ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း အခြားရှေ့နေအချို့ထံမှ သိရသည်။

လက်ရှိတွင် အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများမှာ တရားရုံး ရုံးထွက်ပိတ်ခြင်းနှင့် ထောင်ဝင်စာ ပါဆယ်ဖြတ်တောက်ခံထားရသည်ဟုလည်း ရှေ့နေတို့က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားသေဒဏ်ချခံထားရသူနှစ်ဦးကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားများလည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရကာ တိုက်ပိတ်ခံထားရသည်ဟု သိရသည်။ 

“ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်မယ်ဆိုတာကြောင့် သူတို့ (နိုင်ငံရေးအကျဉ်းသားတွေ) က အစာငတ်ခံ ဆန္ဒပြတာ” ဟု အင်းစိန်ထောင်ကို အဝင်အထွက်သူ ရှေ့နေတစ်ဦးက ပြောသည်။

သပြေဆောင် ၁ နှင့် ၂ တွင် ဆန္ဒပြမှုဖြစ်ပွားကာ လေးရက်မြောက်နေ့ဖြစ်သော ဇွန် ၉ တွင် ရဲမြင့်ဦးနှင့် ထွန်းဝင်းထိုက်ဆိုသူ ထောင်အရာရှိနှစ်ဦးကိုယ်တိုင် အကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ညနေပိုင်း ထုတ်ရိုက်တာ တစ်ယောက်က လက်ကျိုးသွားတာ ဒဏ်ရာတော်တော်ရတယ်။ နောက်တစ်ယောက်က ခါးကုန်းသွားတယ်။ နောက်တစ်ယောက်က နားရွက်ထိသွားတယ်” ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲခံရသူများကို အဆောင်ခွဲထားခြင်း၊ မိလ္လာပိုက်များဆေးခိုင်းခြင်း၊ ဆန်အိတ်သယ်ခိုင်းခြင်း၊ ရေပုံးများ ထမ်းခိုင်းခြင်းစသည့် အလုပ်ကြမ်းများကို လုပ်ဆောင်စေကြောင်းလည်း သိရသည်။ 

ပြင်ပရှိ တော်လှန်ရေးအင်အားစုများက ထောင်ကို တိုက်ခိုက်မည်ဟု သတင်းရသည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အကြီးအကျယ်ဖိနှိပ်ရန် ထောင်အာဏာပိုင်များက ကြုံးဝါးထားသည်ဟု ဆိုသည်။

“သူတို့ (ထောင်အာဏာပိုင်) ပြောတဲ့အတိုင်း လိုက်နာမှုမရှိရင် တုတ်၊ ဓား၊ လှံစွပ် စတဲ့လက်နက်တွေနဲ့ သူတို့ ခုခံပိုင်ခွင့်ရှိတယ်၊ ရိုက်နှက်ပိုင်ခွင့်ရှိတယ်။ အဲဒါအတွက်ကြောင့်မို့လို့ မင်းတို့ လုပ်ချင်တာလုပ်၊ ငါတို့က A4 တစ်ရွက်ပဲ ကုန်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူ ထိုရှေ့နေက ပြောသည်။

အမျိုးသမီးရှေ့နေတစ်ဦးကလည်း “အပြင်က တစ်ခုခုလုပ်တာနဲ့ သူတို့ကို ပစ်သတ်ချင်လည်း ပစ်သတ်မယ်၊ ရိုက်သတ်ချင်လည်း ရိုက်သတ်မယ်၊ ထုသတ်ချင်လည်း ထုသတ်မယ်လို့ ပြောတယ်။ အခု အကျဉ်းဦးစီးက အထဲမှာ လောက်လေးဂွတွေ ကိုင်ထားတယ်လို့ ကြားတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်အတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးသည့်နည်းတူ ယခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်၊ ယခုလအတွင်း မန္တလေး အိုးဘိုထောင်နှင့် ကရင်ပြည်နယ် ဘားအံထောင်တို့တွင် ဆူပူမှုဖြစ်ကာ ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းသည့်အတွက် လူသေဆုံးမှုရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ယခုလ ၁၅ ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ တစ်သောင်းကျော်ရှိသည့်အနက် ထောင်ဒဏ်ချခံထားရသူ တစ်ထောင်ကျော်ရှိသည်။ myanmar now

ရေးမြို့နယ်တွင် မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ဒေသခံများ အခက်တွေ့

စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်က မီတာခကို ထပ်မံတိုးမြှင့် ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီဘက်က ထုတ်ပြန်ပါတယ်။

အခု စက်သုံးဆီဈေးတွေ ထပ်မံမြင့်တက်နေတာကြောင့် ဇွန်လမှာသုံးစွဲထားတဲ့ မီတာခကို တယူနစ် ကျပ် ၁,၂၀၀ ကနေ ကျပ် ၁,၃၅၀ ကို တိုးြမှင့်သတ်မှတ်လိုက်ပြီး တယူနစ်ကို ကျပ် ၁၅၀ ထပ်မံတိုးမြှင့်ပြီး ဇူလိုင်လမှာ စတင်ပေးသွင်းရမယ်လို့ ဆိုပါတယ်။

မီတာခတွေ စံချိန်တင် ထပ်မံမြင့်တက်သွားလို့ အိမ်သုံးသမားတွေ မသုံးစွဲနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီတာခ တယူနစ် ကျပ်  ၉၀၀ ကနေ အခု မတ်လ တယူနစ် ကျပ် ၁,၂၀၀ မြင့်တက်ရာကနေ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ အခု ၁,၃၅၀ ကျပ်အထိ ထပ်မံ မြင့်တက်လာတဲ့အတွက် ယူနစ်ဈေးတွေ အမြင့်ဆုံးအခြေအနေနဲ့ ဒေသခံတွေ သုံးစွဲနေရတာပါ။

ဒေသခံတဦးက “အခုလို အလုပ်အကိုင်တွေ အဆင်မပြေတဲ့ကြားက နေ့စဉ်ပုံမှန်ဝင်ငွေတွေတောင် မရှိလာတဲ့အခါ စားဝတ်နေရေးတွေမှာ အခက်ခဲရှိပြီး နေရတော့ မီတာခတွေပါ ထပ်မံတိုးမြှင့် ကောက်ခံမယ်ဆိုတော့ လျှပ်စစ်မီး ချွေတာသုံး ရတာထက် မသုံးစွဲတာ ပိုပြီး သင့်တော်မယ်” လို့ မီးသုံးစွဲသူတဦးက ပြောပါတယ်။

အခု ဆီစျေးတွေက ၄ ဆလောက်တက်သွားတဲ့အတွက် မီတာခ ထပ်မံတိုးမြှင့် ကောက်ခံရတာဖြစ်ပြီး ဆီဈေးတွေ ပြန်လည်ကျဆင်းလာပါက မီတာခ ပြန်လျှော့ချပေးသွားမယ်လို့ မီးလင်းရေးကော်မတီက ဆိုပါတယ်။

ရေးမြို့နယ်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဒီနေ့အထိ သုံးစွဲနိုင်ခြင်း မရှိသေးသလို မြို့ပေါ်မှာ ပုဂ္ဂလိက မီးလင်းရေးကော်မတီက လျှပ်စစ်မီးကိုသာ အမှီပြု သုံးစွဲနေရပြီး နယ်ကျေးရွာတွေဘက်မှာတော့ ကိုယ့်အားကိုယ်ကိုးမီးစက်နဲ့ မီးဖြန့်ဖြူးပေးကာ တယူနစ်ကို ကျပ် ၁,၅၀၀ အထိပေးပြီး သုံးစွဲရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က မီတာခ တယူနစ် ကျပ် ၉၀၀ ကောက်ခံလို့ဆိုပြီး ရေး PDF တွေက သတိပေးတဲ့အနေနဲ့ ရေးမီးလင်းရေးကော်မတီရုံးကို မိုင်းခွဲထားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ စက်သုံးလောင်ဆီစျေးတွေ အခြေခံစားသောက်ကုန်တွေ စံချိန်တင် အဆမတန် မြင့်တက်လာနေခဲ့တာပါ။

အခြေခံလူတန်းစား သာမန်လက်လုပ်လက်စားတွေမှာ စားဝတ်နေရေး တနေ့တခြား ပိုပြီးခက်ခဲလာပြီး တပိုင်တနိုင်လုပ်ငန်းတွေကအစ ရပ် နားထားရဖွယ်ရှိပြီး အလုပ်လက်မဲ့တွေ တနေ့တခြား များပြားလာနေသလို တဖက်နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့သူတွေ အများပြားရှိနေပါတယ်။ DVB

ရှေ့တန်းစစ်နှာမျက်နှာ တိုက်ပွဲနေရာများတွင် ပြည်သူလူထုထံခိုလှုံ CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အရေအတွက် ပိုမိုများပြားလာ

နိုင်ငံနှင့်အဝှမ်း တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မျက်နှာနေရာများတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူလူထုထံခိုလှုံလာသည့် CDM စစ်သားအရေအတွက် ပိုမိုများပြားလာသည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး လင်းထက်အောင်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် နေ့စဉ် ငါးဦးနှင့်အထက် CDM ပြုလုပ်ရန် ဆက်သွယ်လာခြင်းများရှိနေပြီး လက်ရှိအချိန်တွင် ခန့်မှန်းထားသည့်အရေအတွက်ထိတိုးလာနေကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“အခုက နေရာပေါင်းစုံကဝင်လာကြတယ်။ အရေအတွက်အားဖြင့်တော့ ပြောရခက်ခဲလိမ့်မယ်။ အရင်က ကျွန်တော်တို့ ခန့်မှန်းထားသလောက်ဝင်လာပါတယ်” ဟု ပြောသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးဟုခေါ်သည့် CDM လှုပ်ရှားမှုများကို အရပ်ဖက်ဝန်ထမ်းများက စတင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်နှင့်ရဲဘက်မှ ရာထူးအဆင့်ဆင့်သည်လည်း CDM ပြုလုပ် လာကြခြင်းဖြစ်သည်။

ယခင်က စစ်ကောင်စီတပ်မှခိုးထွက်၍ CDM ပြုလုပ်သည်များရှိသော်လည်း ယခုအခါ ရှေ့တန်းစစ်မျက်နှာ ပြင်များတွင်ပါ လက်နက်ချခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းလာခြင်းမျိုး ပြုလုပ်လာခြင်းဖြစ်သည်။

“ရှေ့တန်းနယ်မြေတွေမှာဝင်နေကြတာက သူတို့တပ်တွေရဲ့ အကြောက်တရား ပိုဖြစ်တယ်လို့ ကျနော်က ခန့်မှန်းမိတယ်။ နောက်ပိုင်းကတော့ လက်နက်တွေနဲ့ဝင်လာကြတာများတဲ့အတွက် တပ်တွေရဲ့ မစည်းရုံး မှုနဲ့ အုပ်ချုပ်မှုပြဿနာတွေကြောင့်လို့ ပြောလို့ရပါတယ်” ဟု ပြည်သူနှင့်ပူးပေါင်းခဲ့သည့် CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် စစ်ကောင်စီတပ်သားဦးရေ ၁၀၀၀၀ (တစ်သောင်း) နီးပါးရှိပြီဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်တိုက်လေယာဉ်များနှင့်အတူ CDM ဝင်ရောက်လာပါက မြန်မာငွေ ကျပ် သိန်းတစ်သောင်း၊ စစ်ကောင်စီသုံး လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ် များကိုဖျက်ဆီးခြင်း၊ သို့မဟုတ် ပျက်ကျအောင်လုပ်ဆောင်၍ CDM ပြုလုပ်ပါက မြန်မာငွေကျပ် သိန်း ခြောက်ထောင် ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖိတ်ခေါ်ထားသည်။

ထို့အပြင် NUG အစိုးရက စစ်ကောင်စီ၏ ဆီသိုလှောင်ကန်များ၊ လက်နက်စက်ရုံများကို ဖျက်ဆီးနိုင်လျှင် သို့မဟုတ် CDM ဝင်လာချိန်တွင် တင့်ကား၊ သံချပ်ကာကားများယူလာနိုင်လျှင် မြန်မာငွေ သိန်းနှစ်ထောင် ချီးမြှင့်မည်ဟုလည်း ဆိုထားသည်။

ရှေ့တန်းတွင် CDM ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုများသည် နောက်တန်းတွင် စစ်ဆေးရေးဝင်ရခြင်း၊ တပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများသိမ်းဆည်းခံရခြင်းနှင့်ခံစားခွင့် မပေး ဘဲ ထုတ်ပယ်ခြင်းတို့ကို စစ်ကောင်စီကပြုလုပ်ကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောကြားသည်။ mizzima

ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦးကို အေအေတပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ခလရ ၅၅၀ တပ်ရင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်ကို ဇွန်လ ၁၆ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်ဖမ်းဆီးခံရပြီးနောက်  ခလရ ၅၅၀ စစ်တပ်က သေနတ်တွေနဲ့ပစ်ပြီး မြို့ဝင်မြို့ထွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေကြတယ်လို့  မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီ တပ်သားနှစ်ဦးက အရပ်ဝတ်နဲ့ ဆောက်လုပ်ရေးပစ္စည်းလာဝယ်ကြတာလို့သိရတယ်။ အဲဒီက အပြန်မှာဖမ်းတာ။ တစ်ယောက်ကို ဖမ်းရလိုက်ပြီး တစ်ယောက်ကပြေးလွတ်သွားတယ်။ ဖမ်းတဲ့နေရာနဲ့ စစ်တပ်နဲ့က နီးနီးလေးပဲ။ အဖမ်းခံလိုက်ရတဲ့ စစ်သားရဲ့ ရာထူးကိုတော့ မသိရသေးဘူး။ အဲဒီနောက် စစ်တပ်က သေနတ် ၃ ချက်လောက်ပစ်တယ်။ မြို့ဝင် မြို့ထွက်တွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေတုန်း နောက်ထပ် သေနတ် ၃ ချက်ပစ်တယ်။ မိုးအရမ်းရွာနေတော့ ဘယ်ကပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ ထိခိုက်တာတွေတော့ မကြားရသေးဘူး”လို့ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေ လာဝယ်သွားတဲ့ ဆောက်လုပ်ရေးဆိုင်ပိုင်ရှင်ကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား ဖမ်းဆီးခံရပြီးနောက် စစ်တပ်က သေနတ်နဲ့ပစ်လိုက်တာကြောင့် စာသင်ကျောင်းတွေနဲ့ စျေးတွေကို ပိတ်လိုက်ရပြီး လမ်း ပေါ်မှာ ခြောက်ကပ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက်ကို ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွား တယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အေအေတပ်ဖွဲ့ဝင်တွေကို နေအိမ်တွေအထိဝင် ရောက်ဖမ်းဆီးနေတာကြောင့် စစ်ကောင်စီတပ်သားတွေကို ပြန် လည်ဖမ်းဆီးနေတာလို့ ဇွန် ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခက ပြောပါတယ်။ DVB

မြစ်ကြီးနားမှလာသော စစ်ယာဉ်တန်း ထီးချိုင့်နှင့် တကောင်းတွင် တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့မှ လာသော စစ်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာ ကွယ်ရေးအဖွဲ့များက ပြောသည်။

ကျောက်စိမ်းများ သယ်ဆောင်လာသည်ဟု ယူဆရသော ၂၈ စီးပါ ယာဉ်တန်းကို စစ်ကိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မြို့အနောက်ဘက်ခြမ်း၌ ၄ ကြိမ်၊ မြို့အရှေ့ဘက်တွင် ၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။  

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့နှင့် ပူးပေါင်းပြီး ဇွန် ၁၅ နံနက်တွင် ထိုမော်တော်ယာဉ်တန်းကို ဘိုတဲကုန်း၊ ဇီးဖြူကျင်း၊ အလယ်တော၊ ဆားတွင်းကျေးရွာတို့အနီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အဓိကက မိုင်းဆွဲတာဆိုတော့ ထိခိုက်တာတော့ ရှိတာပေါ့လေ၊ ပြီးတာနဲ့ ကျန်တဲ့နေရာတွေမှာပါ ဆက်တိုက်တာ” ဟု အဆိုပါ ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“(စစ်သား) ၂၀ ကျော် ၃၀ လောက်က‌တော့ အကျအဆုံးရှိနိုင်တယ်၊ အတိအကျတော့ ကျွန်တော်တို့ ပြောလို့မရဘူး၊ ကျွန်တော်တို့ကလည်း အဝေးက တိုက်ခိုက်ရတာဆို‌တော့ မျက်မြင် အတည်မပြုနိုင်ဘူးပေါ့ဗျာ” ဟု အထက်ပါ အဖွဲ့ဝင်က ပြောသည်။

PDF များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့်အဖွဲ့များက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီယာဉ်တန်း ထီးချိုင့်မြို့တွင်းသို့ ခေတ္တဝင်ရောက်သွားပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြားရောက်နေသည်ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

မွန်းလွဲ ၃ နာရီခန့်တွင် ထိုစစ်ယာဉ်တန်းသည် မန္တလေးမြို့ဘက်သို့ သွားခဲ့သည်ဟု သိရသည်။

တကောင်းနယ်အတွင်း ဆက်တိုက်ခိုက်

ထိုစစ်ယာဉ်တန်းကို မန္တလေးတိုင်း၊ သပိတ်ကျင်းနယ်စပ်ဖြစ်သော တကောင်းနီကယ်စက်ရုံအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Special-9 HPDF အဖွဲ့က ပြောသည်။

လုံခြုံရေးအရ အသေးစိတ်မပြောလိုဟု ဆိုသည်။

ထိုစစ်ယာဉ်တန်းသည် သပိတ်ကျင်းမြို့နယ်အရောက် မြတောင်တိုက်နယ်တွင် အခြေချနေသည့် တပ်နှင့် ပူးပေါင်းခဲ့သည်ဟု သိရသည်။  

“ကျွန်တော်တို့နယ်မြေကို ရောက်တော့ ကားက ၆၅ စီး ဖြစ်သွားတယ်။ မြတောင်မှာ အထိုင်ချနေတဲ့ အင်အားတွေ ထပ်ပါင်းလာတယ် ထင်တယ်။ ကျွန်တော်တို့ ၆၅ စီးတန်းကို အစီး ၂၀ မြောက်ကားကို ဖောက်ခွဲပစ်လိုက်တယ်။ တစ်စီးလုံးမီးလောင်သွားတယ်” ဟု တကောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တိုက်ခိုက်ချိန်မှာ ကားတစ်စီးလုံးကတော့ မိုင်းသုံးကွင်း စုံမိပြီးတော့ မီးလောင်သွားတဲ့အထိ ဖြစ်သွားတယ်။ ကားပေါ်ပါ စစ်သားတွေ သေနိုင်တယ်။ ဘယ်လောက်ဆိုတာတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်း မရှိဘူး”

ယမန်နေ့ ညနေတွင် ပေါက်ကွဲသံများကြားခဲ့ရပြီး စစ်ယာဉ်တန်း ဖောက်ခွဲခံရသည်ဟု သိရကြောင်း တကောင်းမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“(ညနေ) လေးနာရီထိုးခါနီးလောက် ထင်တာပဲ။ တကောင်းမြို့နဲ့ ငါးမိုင်လောက်က ဆင်ညှပ်ကုန်းဆိုတဲ့ ရွာနားမှာ တိုက်ခိုက်ခံရတယ်တဲ့။ မြို့ထဲကနေကို ပေါက်ကွဲသံတွေ ကြားရတယ်။ ပြီးတော့မှ သိရတာက စစ်ကားတန်းကို ဖောက်ခွဲတာတဲ့” ဟု ၎င်းက ပြောသည်။ 

ယာဉ်တန်းတွင် စစ်တပ်သုံး စစ်ထရပ်ကား၊ Double Cab ယာဉ်များအပါအဝင်၊ ဆီသယ်ယာဉ်များ၊ တွဲကားများလည်း ပါဝင်သည်ဟု တိုက်ခိုက်ရေးအဖွဲ့များနှင့် ဒေသခံများက ဆိုသည်။

ပျက်စီးသွားသည့် မော်တော်ကားကို အခြားကားတစ်စီးဖြင့် ဆွဲယူသွားခဲ့ကြောင်း၊ ပြန်လည်ပစ်ခတ်မှု မရှိဘဲ ဆက်လက်ထွက်ခွာသွားခဲ့ရာ ညနေတွင် တွင်းငယ်ကျေးရွာရှိ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ရပ်နားသည်ဟု သိရသည်။

တွင်းငယ်၌ ရပ်နားခဲ့သည့် အဆိုပါယာဉ်တန်းသည် ယနေ့ (ဇွန် ၁၆) နံနက် ငါးနာရီခန့်တွင် မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် မြန်မာပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဆက်သွယ်ရာတွင် မန္တလေး-သပိတ်ကျင်း၊ ထီးချိုင့် – ကသာတို့မှ အင်းတော် မိုးညှင်းလမ်းကို အသုံးပြု သွားလာလေ့ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ အထက်ပိုင်း ကျောက်မှော်ဒေသများမှ ကျောက်စိမ်းများ သယ်ဆောင်လာလေ့ရှိသည့် ယာဉ်တန်းများသည်လည်း ထိုလမ်းကြောင်းကို သုံးလေ့ရှိကြောင်း သိရသည်။

တကောင်းမြို့တည်ရှိရာ မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဆက်စပ်ဒေသများအတွင်း စစ်ကောင်စီကို ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့များရှိပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက်က တကောင်းနီကယ်စက်ရုံအနီး တကောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသည့် စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၁၅ မှ ဗိုလ်ကြီးဝင်းသွင်စိုးနှင့် တပ်ကြပ်တစ်ဦး စီးနင်းလာသည့် အိမ်သုံးကားတစ်စီး မိုင်းဆွဲခံရ၍ နှစ်ဦးစလုံး သေဆုံးသွားသည်။ 

အလားတူ ကချင်ပြည်နယ်အတွင်းသို့ ကုန်းလမ်း၊ ရေလမ်းအသုံးပြုကာ စစ်ကူ၊ လက်နက်နှင့် ခဲယမ်းရိက္ခာများ ပေးပို့နေသည့် စစ်ကောင်စီတပ်များကို ထီးချိုင့် PDF က ကြားဖြတ်တိုက်ခိုက်နေသည်။ myanmar now

ကလေးမြို့ အမှတ် ၈ အထက်တန်းကျောင်း ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် မြို့ပတ်လမ်းရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၁၅ ရက်က ဗုံးနဲ့ပစ်ခံရတယ်လို့ ကျောင်းအနီးရှိ ဒေသခံတွေက ပြောပါတယ်။

ကျောင်းအနီးမှာနေထိုင်တဲ့ မြို့ခံတဦးက “မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ အသံကြားလိုက်ရတာ။ အသံကြားလို့ ကြောက်တော့ အိမ်ထဲအပေါက်ပိတ်ပြီးနေကြတာ။ ကျောင်းသားတွေ ထိခိုက်တာတော့ မရှိလောက်ဘူးထင်ပါတယ်။ ဆေးရုံကားတွေလာတာတော့ မတွေ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

PDF တွေက ကျောင်းသားတွေ ထိတ်လန့်ကြောက်ရွံ့ပြီး ကျောင်းမတက်နိုင်အောင် လက်လုပ်လက်ပစ်ဗုံး ၁ လုံးနဲ့  ကျောင်းဝင်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်ထားပါတယ်။

ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက “စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းမှာပဲ မေ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က PDF တွေ မီးရှို့ဖျက်ဆီးတာလို့ စွပ်စွဲထားပြီး ဒေသခံ PDF တွေအနေနဲ့လည်း လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားတာပါ။ DVB

စစ်ကောင်စီလေတပ်ကို ထောက်ပံ့သည့် မြန် မာကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရ ကြေညာ

စစ်ကောင်စီလေတပ်ကို လေယာဉ်အစိတ်အပိုင်းများထောက်ပံ့နေခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်သော မြန်မာကုမ္ပဏီသုံးခု၏ ပိုင်ဆိုင်မှုများကိုထိန်းချုပ်သည့် အရေးယူမှုပြုမည်ဟု ဗြိတိန်(UK) က ကြေညာသည်။

ယင်းကုမ္ပဏီသုံးခုမှာမြန်မာလေတပ်သို့ လေယာဉ်အစိတ်အပိုင်းများ အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့် ကုမ္ပဏီများဖြစ်သည်ဟု UK က ထုတ်ပြန်သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော ကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများသည် အာဏာသိမ်းပြီးချိန်မှစ၍ လေယာဉ်အစိတ် အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု UK ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် “ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်မှုများ”ကို စနစ်တကျ ကျူးလွန်နေကြောင်း” Amnesty International ၏ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအပြီး အဆိုပါ ဒဏ်ခတ်အရေးယူမှုကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ပိတ်ဆို့အရေးယူခြင်းမှာ စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနှင့် ပူတင်၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုတို့အား တင်းတင်းကြပ်ကြပ်ထိန်းချုပ်သွားမည်ဟု UK အစိုးရက ထုတ်ပြန် သည်။

ထို့ပြင် အာဏာသိမ်းတပ်အတွက် လက်နက်နှင့် လေယာဥ်အစိတ်အပိုင်းများထောက်ပံ့ရာတွင် ပါ၀င်ပတ်သက်နေသည့် ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ပူတင်၏ မဟာမိတ်များကို ပစ်မှတ်ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများလည်းပါ၀င်မည်ဖြစ်ကြောင်း ဗြိတိန်ကဆိုသည်။ mizzima

စစ်ကောင်စီကျင်းပသည့် ၁၀ တန်းစာမေးပွဲအောင်စာရင်း မနက်ဖြန်ထုတ်ပြန်မည်

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မနက်ဖြန် ဇွန် ၁၇ ရက်မှာ ထုတ်ပြန်သွားဖို့ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မနက်ဖြန်မနက် ၄ နာရီကစလို့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်ကတဆင့် ကြည့်ရှုနိုင်မယ်လို့ ကြေညာထားသလို သက်ဆိုင်ရာ မြို့နယ်တွေက စာစစ်ဌာနတွေမှာလည်း ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ စာမေးပွဲကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကနေ  ဧပြီ ၉ ရက်အထိ နိုင်ငံတဝန်း အခြေခံပညာ ကျောင်းတွေမှာရှိတဲ့ စာစစ်ဌာနတွေမှာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ဖြေဆိုသူ ၄ သောင်းခွဲကျော်နဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၄ သောင်းကျော်နဲ့ ဒုတိယ၊ ရန်ကုန်တိုင်းက ၃ သောင်း ၇ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမယ့် နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။

အခုစစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူအများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီ စီစဉ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု အလေးပြု ဂုဏ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြော ထားပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦးကြေညာချက်ထုတ်ပြန်ထားကာ စစ်အာဏာသိမ်းကာလအတွင်း ပညာရေးနောက်မကျစေဖို့အတွက် NUG အစိုးရအနေနဲ့ “ကြားကာလပညာ ရေး” အစီအစဉ်တွေ ဆောင်ရွက်နေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်မယ့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ် မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက တက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတွေက ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြီးတဲ့နောက် မေလ ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့  အဝေးသင်သင်တန်းတွေ အားလုံးကိုဖွင့်လှစ်ဖို့ ကြေညာထားပါတယ်။ DVB

ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်၊ လူငယ်နှစ်ဦး သေဆုံး

ရန်ကုန်မြို့ တောင်ဒဂုံနှင့် ဒဂုံမြို့နယ်တို့တွင် ယနေ့ (ဇွန် ၁၆) ပေါက်ကွဲမှုဖြစ်ကာ လူငယ်နှစ်ဦးသေဆုံးကြောင်း မြို့ခံများနှင့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။ 

နံနက် ၁၀ ခန့်က ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်း ပေါက်ကွဲမှုတွင် ဗုံးထောင်သူဟု ယူဆရသူ လူငယ်သေဆုံးကာ တောင်ဒဂုံမြို့နယ် အင်းဝအိမ်ရာအနီးရှိ ဧရာဝဏ်လမ်းမပေါ်တွင်လည်း စစ်တပ်က လိုက်လံပစ်ခတ်စဉ် အခြားလူငယ်တစ်ဦးသေဆုံးကြောင်း သိရသည်။​

“ဗိုလ်ရာညွန့်လမ်းမှာ ပေါက်ကွဲတာ သိရသလောက်တော့ သူတစ်ယောက်တည်းပါပဲ။ ဗုံးလာထောင်ရင်းနဲ့ ကွဲတယ်လို့ သိရတယ်” ဟု ရဲသတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။ 

ဗိုလ်ရာညွန့်လမ်း ပေါက်ကွဲမှုတွင် ဂျင်းဘောင်းဘီနှင့် အိင်္ကျီအဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အငှားယာဉ်ဘေးရှိ သွေးအိုင်ထဲတွင် လဲကျနေသည့်ဓာတ်ပုံလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။

ယနေ့ နံနက်ပိုင်း၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ချခံထားရသူ လေးဦးကို ကြိုးပေးကွပ်မျက်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်ဒဂုံနှင့် ဗိုလ်ရာညွှန့်လမ်း ပေါက်ကွဲမှုအပြင် အင်းစိန်၊ ဒလနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မြို့ခံများက ဆိုသော်လည်း အသေးစိတ် မသိရသေးပေ။ 

တောင်ဒဂုံမြို့နယ် အင်းဝအိမ်ရာအနီးရှိ ဧရာဝဏ်လမ်းမပေါ်တွင် သေနတ်ပစ်ခတ်သံ ၁၀ ချက်ကျော် ကြားရကြောင်း၊ လူငယ်တစ်ဦး သေဆုံးသည်ဟု သိရကြောင်း၊ နံနက် ၇ နာရီခန့်တွင် အင်းဝအိမ်ရာအနီးရှိ ဂျိုးဖြူလမ်းတွင် ပေါက်ကွဲသံများကြားရကြောင်း အင်းဝအိမ်ရာအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက် ဘုရားရှိခိုးနေချိန်တုန်းက ဆိုင်ကယ်သံ ကြားလိုက်တယ်။ ပြီးတော့ သေနတ်နဲ့ ပစ်ခတ်တဲ့ အသံ ၁၀ ချက်လောက် တစ်ဆက်တည်းကြားရတယ်။ မနက်ရောက်တော့ လူငယ်တစ်ယောက် ပစ်ခံရပြီး သေတယ်လို့ သိရတာပဲ” ဟု ၎င်းက ပြောသည်။ 

ပစ်ခတ်ခံရသူ လူငယ်မှာ မိုင်းထောင်ရန်အလာ လိုက်လံဖမ်းဆီးရာမှ ထွက်ပြေးသဖြင့် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း အမည်မဖော်လိုသူ ထိုအမျိုးသမီးက ဆိုသည်။ 

ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့က ပေါက်ကွဲမှုများအတွင်း သေဆုံးခဲ့သူ လူငယ်နှစ်ဦးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်များဖြစ်ကြောင်း ရန်ကုန်ရှိ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲများတွင် ပါဝင်သူ လူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးနေရာ လူငယ် ၃၀ ထက်မနည်း အဖမ်းခံထားရသည်။ myanmar now

« Older Entries