ကရင်နီဒေသ ဇွန်လ ဒုတိယအပတ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး
မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကရင်နီဒေသတွင် ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဒုတိယသီတင်းပတ်အတွင်း ကရင်နီဒေသကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း KNDF က ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်မှ တစ်ဆင့် ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်များသို့ တပ်ချိန်းပြောင်းရန်အတွက် စစ်ကြောင်းထိုးလာစဉ် ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ ထီးပေါ့ဆိုကျေးရွာ နှင့် ဒေါညေးခူကျေးရွာတို့တွင် ဇွန်လ ၁၀ ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNDF ပူးပေါင်းတပ်တို့အကြား ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း KNDF ဘက်က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီတပ်များက ၎င်းတို့စစ်ကြောင်း ဆုတ်ခွာချိန်တွင် တပ်စွဲနေထိုင်ခဲ့သော ဒေါညေးခူကျေးရွာက ကက် သလစ် ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။
ယင်းအပြင် ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာအတွင်း တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာတွင်းရှိ ပြည်သူလူထုနေအိမ် လေးလုံးကိုလည်း ဇွန်လ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
ထီးပေါ့ဆို ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဆောင် တစ်ခုကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သောကြောင့် ဘုရားကျောင်းဆောင်တစ်ခု ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်များမှ စီကောင်စီတပ်များ တပ်စွဲထားသည့် နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦး ထက်မနည်းကျဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်က လက်နက်ငယ် ရှစ်လက်နှင့် ခဲယမ်းအသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယခု ဇွန်လ လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ဘက်သို့ လည်း စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိခဲ့ရာ ကရင်နီပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆိုသည်။
စံပြ (၆) မိုင်ကျေးရွာနှင့် ဘက်တလင် ကျေးရွာတို့တွင် ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့ အထိ စစ်ကောင်စီတပ်များနှင့် ကရင်နီ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စံပြ(၆)မိုင်ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲ ထားဆဲဖြစ်သည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခုခံတိုက်ခိုက်နိုင်ရန် ငွေကြေးများနှင့် လက်နက်ကြီးများလည်း အရေးတကြီး လိုအပ်နေကြောင်း KNDF က ထုတ်ပြန်ထားသည်။ mizzima