ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်ချမှတ်ပါက သက်ရောက်မှုတိုင်း စစ်ကောင်စီ ၌သာတာဝန်ရှိဟုဆို

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ(ခ)ကိုကျော်မင်းယုနှင့် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ချမှတ်မည် ဆိုပါက သက်ရောက်မှုတိုင်းသည် စစ်အုပ်စု၏ တာဝန်သာဖြစ်သည် ဟု GSCB က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ သေဒဏ်ချမှတ်မှုနှင့်ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက အထွေထွေသပိတ်ပေါင်း စပ်ညှိနှိုင်းရေးအင်အားစု (GSCB)က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
“နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းအပါအဝင် ယခု သေဒဏ်အတည်ပြုမှုကဲ့သို့သော လုပ်ရပ် များကို စစ်အုပ်စုအနေဖြင့်ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေပါက စစ်အုပ်စု၊ စစ်အုပ်စု၏ အဆက် အနွယ်နှင့် အစေအပါးများအပေါ် ကျရောက်လာမည့် သက်ရောက်မှုတိုင်းသည် စစ်အုပ်စု၏ တာဝန်သာ ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ ဇွန်လ ၁၅ ရက်နေ့ ညနက်ပိုင်းအချိန်က ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာ်သော် အပါဝင် လေးဦးကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အင်းစိန်ထောင်အတွင်း ကြိုးမိန့်ပေးမည် ဟု သတင်းဖော်ပြခဲ့ပြီး နာရီပိုင်းအကြာတွင် GSCBက သဘောထားကြေ ညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။ GSCB က PDF များ၊ ERO များနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အုပ်စု၏ ယခုကျုးလွန်မှုအပေါ် စစ်အုပ်စု၊ ၎င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်းပြုလုပ်ပေးကြရန် တောင်းဆိုကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
စစ်ကောင်စီ၏ အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်းနှင့် နိုင်ငံရေးအရ ပြစ် ဒဏ်ခတ်ခြင်းတို့ဖြင့် ဒဏ်ခတ်တုံ့ပြန်ပါရန် GSCB က တိုက်တွန်း ကြောင်းကို ဖော်ပြထားသည်။
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးခဲ့ပြီးနောက် သေ ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။ mizzima