ကော့မှူးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရ၊ ရန်ကုန်တွင် စစ်ကောင်စီတပ်၏ ဆိုင်ကယ် စီးနင်းခွင့်ပိတ်ပင်ခံရသည့် မြို့နယ် ၄ မြို့နယ်အထိရှိလာ

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၆ ရက်နေ့မှ စတင်ပိတ်ပင်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည်မှာ ရက်အတန်ကြာမြင့်ပြီဖြစ်သော်လည်း မြို့ဧရိယာအတွင်း ဆိုင်ကယ်စီးနင်းမှုကို ယနေ့မှစတင်ကာ ကန့်သတ်လိုက်၍ ရန်ကုန်တိုင်းတွင် စစ်ကောင်စီတပ်၏ ဆိုင်ကယ် စီးနင်းခွင့်ပိတ်ပင်ခံရသည့် မြို့နယ် လေးမြို့နယ်အထိ ရှိလာပြီဖြစ်သည်။

“ ဒီနေ့ကစပြီး မြို့နယ် နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးနင်းမောင်းနှင်ခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်ဆိုတာကို မနေ့က ညနေပိုင်းမှာ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေ က လိုက်လံကြေညာတယ်။ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု ကော့မှူးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဆိုင်ကယ်စီးနင်းခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းဖြစ်ပြီး စီးနင်းနေသည်များကို တွေ့ရှိပါက ဆိုင်ကယ်ကို အပြီးတိုင်သိမ်းဆည်းသွားမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ထည့်သွင်းကြေညာခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အခုကတော့ မြို့တွင်းရော မြို့ပြင်မှာပါ ဆိုင်ကယ်စီးတဲ့သူတွေ မရှိတော့ဘူး။ မနက်ပိုင်းကလည်း စစ်ကားတွေ မြို့ထဲမှာ ပတ်နေတာတွေ ရှိတယ်။ ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တော့ အခက်အခဲကတော့ အများကြီး ရှိတယ်။ ကျန်းမာရေး၊ လူမှုရေးကအစ နေမကောင်းရင်တောင် ကားငှားပြီးသွားရမယ့်ပုံစံဖြစ်နေပြီ။ အခုဆို တစ်ရွာနဲ့တစ်ရွာ သွားဖို့တောင် မလွယ်ကူတော့ဘူး။ ဆိုင်ကယ် ကယ်ရီမောင်းတဲ့သူတွေဆို စားဝတ်နေရေး တော်တော်လေး ကြပ်တည်းသွားပြီ။ သူတို့ကြောက်တာနဲ့ အကုန်လုံးကို ပတ်ပြီး ဒုက္ခပေးတာ” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်များတွင်လည်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားခဲ့ပြီး ကော့မှူးမြို့နယ်သည် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင် ခံရသည့် စတုတ္ထမြောက် မြို့နယ်ဖြစ်လာသည်။

စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့် မြို့နယ်များသည် ဆိုင်ကယ်များကို အဓိက အသုံးပြုကာ သွားလာမှုများ ပြုလုပ်နေရသည့် မြို့နယ်များ ဖြစ်သောကြောင့် ဒေသခံပြည်သူများ၏ သွားလာရေးနှင့်ကျန်းမာရေးကိစ္စများတွင် အခက် အခဲများဖြင့် ရင်ဆိုင် နေကြရသည်။

ယနေ့ ပြုလုပ်သည့် စစ်ကောင်စီ၏ ၁၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် “ရန်ကုန်မြို့ရှိ ဆိုင်ကယ်စီးနင်းခွင့် ပြုထားသည့် မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှုကြောင့် မြို့အတွင်း နေထိုင်သူများ သွားလာရေး ခက်ခဲနေသည့် အတွက် အဆင်ပြေအောင် မည်သို့ ဆောင် ရွက်ပေးနိုင်မည့် အကြောင်း” ကို သတင်း ထောက် တစ်ဦးက ထည့်သွင်းမေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” တချို့နေရာများတွင် လုံခြုံရေးအရ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်နေရခြင်း ဖြစ်ပြီး အဆိုပါ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရကို ဆက်သွယ်မေးမြန်းထားမည်” ဟုပြန်လည် ဖြေကြားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s