တနင်္သာရီမြို့ လယ်သစ်ကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါး ၊ စစ်ကောင်စီတပ်သား ၂ ဦးသေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ကျောက်ပုဇွန်တောင်တွင် ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့် အချိန်က ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့ကြောင်း PDF ရဲဘော်များထံက သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် တစ်ဦးက“မနေ့ ညနေပိုင်းက စဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်က နှစ်ဦး သေတယ်။ ဒီနေ့ အပြင်းအ ထန် ချမယ့် အနေအထား ရှိနေပါတယ်”ဟု ပြောသည်။
အဆိုပါ လယ်သစ်ကျေးရွာတွင် ဇွန်လ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ရွာထဲရှိ စာသင်ကျောင်းနှင့် နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းနေ့ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု မရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
တနင်္သာရီမြို့နယ်၊ တကူသာရဘွင် ကျေးရွာအနီးရှိ ရွာများ ဘက်၌ မေလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် လူနေအိမ် မီးရှို့ခံရမှုများ ရှိကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း အတည်ပြု နိုင်ခြင်း မရှိသေးဟု Southern Monitor အဖွဲ့၏ လေ့လာစောင့်ကြည့် မှတ်တမ်းအရ သိရသည်။ mizzima