ဘုံဆွမ်းလောင်းအသင်းအမည်ခံ၍ ကိုယ်ကျိုးရှာ အလှူခံနေသည်ဆိုသည့် မုံရွာမြို့နယ်က လူ စုအား ကာကွယ်ရေးတပ်ဖွဲ့ အပြစ်ဒဏ်ပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဘုံဆွမ်းလောင်းအသင်းအမည်ခံကာ အလှူခံရရှိသည်များကို ကိုယ်ကျိုးအတွက် အသုံးပြုနေသည့်ဆိုသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ မုံရွာ ဗန္ဓုလနှင့် အဖွဲ့သားများက ဖမ်းဆီးအပြစ်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ သတင်းပေးချက်အရ ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ပြစ်မှု ထင်ရှားသောကြောင့် အပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ မုံရွာ ဗန္ဓုလနှင့် အဖွဲ့သားများ က ဇွန်လ ၁၄ရက် နေ့တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့က စစ်ကြောင်းထိုးတာနဲ့ တွေ့ပြီး မသင်္ကာတာနဲ့ စစ်ဆေးကြည့်တော့ အမျိုးသားသုံးယောက်က မူးနေတယ် ။ ပြီးတော့ဘုံဆွမ်းလောင်း အသင်းတစ်ခု နာမည်ကိုယူပြီး အလှူခံစားတဲ့အကြောင်းကို ဝန်ခံတယ်” ဟု မုံရွာဗန္ဓုလနှင့်အဖွဲ့ သားများ အဖွဲ့ တာဝန်ရှိသူက ပြော သည်။
ယင်းကဲ့သို့ ပြည်သူလူထုအပေါ် လိမ်လည်၍ ငွေများအလှူခံပြီး ကိုယ်ကျိုးပြုနေကြောင်း လိမ်လည်ပြစ်မှုထင်ရှားသဖြင့် ထိုင်ထ နှင့် ကြိမ်ဒဏ်များ အပြစ်ပေးကာ နောက်နောင်မလုပ်ရန် ခံဝန်ကတိထိုးခိုင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။
ပြည်သူများ သတင်းပေးသဖြင့် မုံရွာဗန္ဓုလနှင့် အဖွဲ့သားများ နှင့် ညီနောင်မဟာမိတ်ဖြစ်သော Farmers Revolution Force FRF (CHU) ၊ ကျေးရွာပြည်သူ့လုံခြုံရေး (ပလဖ) တို့ မှ အမြင့်လမ်း မြို့ဟောင်းအနီးတွင် ဖမ်းဆီးအပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၉ရက်နေ့ကလည်း ချမ်းမြဝတီ အက်တောကွက်သစ်မှ ပလတ်စတစ်ဘူးခွံ ကောက်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး တို့ သည် စိုက်ပျိုးရေး တောင်သူသုံး ရေစုပ်စက်ကို ခိုးယူသဖြင့် မုံရွာ ဗန္ဓုလနှင့်အဖွဲ့သားများနှင့် မဟာမိတ်များမှ ဖမ်းဆီးပြီး ကြိမ်ဒဏ်နှင့် ထိုင်ထ အပြစ်ဒဏ်ပေးကာ နောက်နောင်မလုပ်ရန် ခံဝန်ကတိ ရေးထိုးခိုင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ mizzima