ဘူးလက်လှဆွေ People Media သို့ ပြောကြားသည့် အချက်အလက်များနှင့်ပတ်သက်၍ ဒေသခံများ ငြင်းဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးလှဆွေက စစ်အာဏာသိမ်းမှုကိုထောက်ခံသော People Media တွင်ပြောကြားချက်များနှင့်ပတ်သက်၍ မှန်ကန်ခြင်းမရှိကြောင်း ဒေသခံများက ငြင်းဆိုပြောကြားကြသည်။

ဇွန်လ ၃ ရက်နေ့က ထုတ်လွှင့်သော အင်တာဗျူးတွင် ဘူးလက်လှဆွေဟုလည်းလူသိများသည့် ဂန့်ဂေါနယ်ကြံခိုင်ရေး အမတ်ဟောင်း ၏ ပြောကြားချက်များကို ဂန့်ဂေါ်ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံကာကွယ်ရေးတပ်သားများက ငြင်းဆိုကြခြင်းဖြစ်သည်။

People Media ၏ “ဂန့်ဂေါနယ်ဘက် PDF အင်အားကောင်းနေသလားဆိုသည့်” မေးမြန်းမှုတွင် ဦးလှဆွေက “ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမှာ PDF တွေ မြို့ထဲ မဝင်နိုင်ဘူး။ သူတို့ ရွာတွေမှာပဲ သောင်းကျန်းနေကြတာ။ တပ်ကသွားရင် သူတို့ပြေးတယ်၊ သေကြတာလည်း အတုံးအရုန်းပဲ။ မီဒီယာမှာကျ တစ်မျိုးဖြေတယ်။ တပ်ကပြန်ရင် တပ်ကရေဝင်သောက်တဲ့ အိမ်ကလူတွေကိုသတ်တယ်၊ တည်းတဲ့ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေကိုသတ်တယ်၊ အသက် ၇၀ ကျော်စစ်မှုထမ်းဟောင်းတွေကို သတ်တယ်၊ သတ်ဖြတ်မှုနဲ့ ကြီးစိုးနေတာပေါ့” ဟုဖြေကြားခဲ့သည်။

သို့သော် ဦးလှဆွေ၏ပြောကြားချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဂန့်ဂေါမြို့အခြေစိုက် အနောက်ပိုင်းစစ်ဒေသ တပ်မဟာ(၇)အောက် တပ်ရင်း(၇၀၁)မှ ဒုတပ်ရင်းမှူးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့က ပြောက်ကျားစစ်ဖော်ဆောင်နေတာပါ။ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ လောင်းရှည်တို့မှာဆို မြို့ပေါ်အထိ ပစ်ခတ်မှုတွေလုပ်နိုင်ခဲ့တယ်။ သူတို့တွေ ( စစ်ကောင်စီတပ် ) အပြင်မထွက်ရဲကြတာပါ။ ဆောမြို့ နယ်လျှပ်စစ်ရုံးကို မီးဝင်ရှို့တာတွေ၊ ဂန့်ဂေါမြို့နားမှာ ခလရ (၅၀) နဲ့ အမြောက်တပ်ရှိတာတောင် မြို့ထဲထိ ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ မြို့ပေါ်စစ်ဆင်ရေးတွေ များစွာရှိပါတယ်။ ဘူးလက် ပြောသလို စစ်တပ်လာရင် ရေဝင်သောက်တဲ့ အိမ်ကလူတွေသတ်၊ ရွာမီးရှို့တာတွေ မရှိပါဘူး။ စစ်တပ်ကသာ အဲဒီလုပ်ရပ်တွေ လုပ်တာ၊ ဘူးလက်ရဲ့ မယားငယ်ရွာ မြောက်ခင်ရမ်းမှာဆို PDF တွေကို သတင်းပေးလို့ဆိုပြီး လူတစ်ယောက်ကို လည်ပင်းကနေ ကြိုးတုပ်ပြီး ကားနောက်ဆွဲသတ်တဲ့ လုပ်ရပ်မျိုး သူတို့ လုပ်ဖူးပါတယ်” ဟု ဖြေကြားသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ သင်တောရွာသည်လည်း ယခုနှစ် ဖေဖော်ဝါရီလကုန်က မီးရှိုခံရမှုဖြစ်ပွားခဲ့သည်။

သင်တောရွာသူတစ်ဦးက “ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျမတို့ ရွာကို မီးရှို့သွားတာပါရှင့်။ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီ၊ ကြံတောက ပျူစောထီးတွေ မီးရှို့သွားတာပါရှင့်။ ကလေးမြို့ဘက်ကစစ်ကြောင်းထိုးလာတဲ့ စစ်သားတွေနဲ့ မြောက်ခရမ်း၊ ကုက္ကား၊ ဟံသာဝတီ ဘက်က ပျူစောထီးတွေနဲ့ ကျမတို့ သင်တောရွာကို စစ်ကြောင်းထိုးပြီးခါမှ မီးရှို့သွားတာ ဖြစ်ပါတယ်ရှင့်။ သင်တောကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်မှာ လာပြီးရှို့သွားတာ ၁၄၆ အိမ် ဖြစ်ပါ တယ် ရှင့်။ လူကတော့ အပြစ်မဲ့ပြည်သူ ဦးတင်ဝင်းကို သတ်သွားပါတယ်ရှင့်။ ပျူစောထီးတွေ သောင်းကျန်းလို့ ကျမတို့ ပြည်သူတွေဒုက္ခရောက်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

PDF များသည် ဂန့်ဂေါနယ်တွင် သတ်ဖြတ်မှုများလုပ်ဆောင်နေသည်ဆိုသည့် ဘူးလက်လှဆွေ၏ ပြောကြားချက်ကို ရပ်ကျေးအုပ်ချူပ်ရေးအဖွဲ့ဝင်တစ်ဦးက “ရွာမီးရှို့တာတွေ မရှိပါဘူး။ ကျွန်တော်တို့မှာ ဘာလက်နက်မရှိသေးဘူး။ စစ်ကောင်စီကကြမ်းလွန်းလို့ တော်လှန်နေတာ။ ဘူးလက်က သေနတ် ၁၀ လက်သာပေး ကျွန်တော်နိုင်အောင်ထိန်းမယ်ကြိမ်းလို့ တော်လှန်နေတာ။ ကျွဲနန်း၊ ထယ် လှော်၊ သင်တော၊ နှမ်းခါးတို့ကို မြောက်ခင်ရမ်းကပျူတွေ ရွာလုံးကျွတ်မီးရှို့တာ” ဟု ဖြေကြားသည်။

စစ်ကောင်စီက ပျူစောထီးများကို ကာဘိုင်သေနတ်များထုတ်ပေးထားပြီး အာဏာသိမ်းတပ်ထောက်ခံသော ဟံသာဝတီရွာနှင့် မြောက်ခင်ရမ်းတွင် ဦးလှဆွေ၏ အစီအမံဖြင့် ၁၁၀ မမ လက်နက်ကြီးများတပ်ဆင်ပေးထားခြင်းကြောင့် ကာကွယ်ရေးတပ်များ ရွာနားမကပ်နိုင်ကြောင်းလည်း ဖြေကြားသွားခဲ့သည်။

သို့သော် ဂန့်ဂေါနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် People Defense Force Battalion မှ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် မြောက်ခင်ရမ်းကျေးရွာအား ပြည်သူ့ ကာကွယ်ရေးတပ်များမှ မတ်လ ၁၇ ရက်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းနှင့် ရွာသား ၃၀၀ ကျော်အား ကယ်ထုတ်နိုင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေစိုးမိုးမှုတွင်လည်း မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီ၊ ဒင်ကြီး အရှေ့ရွာ၊ အနောက်ရွာတို့နှင့် ဂန့်ဂေါမြို့ပေါ်မှလွဲ၍ PDF များ လွတ် လပ်စွာသွားလာနိုင် ကြောင်း နှင့် အချို့ကျေးရွာများတွင် စာသင်ကျောင်းများကိုပါ ပြန်လည်ဖွင့်လှစ်နိုင်နေပြီဖြစ်ကြောင်း ဂန့်ဂေါ အခြေစိုက် NUG အနောက်ပိုင်းစစ်ဒေသ တပ်မဟာ (၇) လက်အောက်ရှိ တပ်ရင်း(၇၀၁)မှ ဒုတပ်ရင်းမှူး က မဇ္ဈိမ ကိုပြောသည်။

ဦးလှဆွေသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)မှ ရွေးကောက်ခံအမတ်ဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၁၂၄ – (က) ဖြင့် ဝရမ်းထုတ်ခံခဲ့ရပြီး အမှုရင်မဆိုင်လိုသောကြောင့် တစ်နှစ်ကျော်အကြာ ရှောင်ပုန်း နေ့ခဲ့ကာ ၂၀၂၀ နှစ်ကုန် ပိုင်းမှ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သူလည်း ဖြစ်သည်။

အာဏာသိမ်းခံရပြီးနောက် ဂန့်ဂေါနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့ ကြား တိုက်ပွဲများတင်းမာနေချိန်မှစ တင် ၍ ဦးလှဆွေသည် ဂန့်ဂေါတွင် မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

Data Myanmar ၏ ဖော်ပြချက်အရ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ မေလအထိ စစ်ကောင်စီနှင့် လက် အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် အိမ်အရေအတွက်မှာ ဂန့်ဂေါမြို့နယ် တစ်ခုတည်းအတွက် စုစုပေါင်း ၆၉၄ အိမ် ရှိနေပြီ ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s