ရှေ့တန်းစစ်နှာမျက်နှာ တိုက်ပွဲနေရာများတွင် ပြည်သူလူထုထံခိုလှုံ CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အရေအတွက် ပိုမိုများပြားလာ

နိုင်ငံနှင့်အဝှမ်း တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မျက်နှာနေရာများတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူလူထုထံခိုလှုံလာသည့် CDM စစ်သားအရေအတွက် ပိုမိုများပြားလာသည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး လင်းထက်အောင်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် နေ့စဉ် ငါးဦးနှင့်အထက် CDM ပြုလုပ်ရန် ဆက်သွယ်လာခြင်းများရှိနေပြီး လက်ရှိအချိန်တွင် ခန့်မှန်းထားသည့်အရေအတွက်ထိတိုးလာနေကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“အခုက နေရာပေါင်းစုံကဝင်လာကြတယ်။ အရေအတွက်အားဖြင့်တော့ ပြောရခက်ခဲလိမ့်မယ်။ အရင်က ကျွန်တော်တို့ ခန့်မှန်းထားသလောက်ဝင်လာပါတယ်” ဟု ပြောသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးဟုခေါ်သည့် CDM လှုပ်ရှားမှုများကို အရပ်ဖက်ဝန်ထမ်းများက စတင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်နှင့်ရဲဘက်မှ ရာထူးအဆင့်ဆင့်သည်လည်း CDM ပြုလုပ် လာကြခြင်းဖြစ်သည်။

ယခင်က စစ်ကောင်စီတပ်မှခိုးထွက်၍ CDM ပြုလုပ်သည်များရှိသော်လည်း ယခုအခါ ရှေ့တန်းစစ်မျက်နှာ ပြင်များတွင်ပါ လက်နက်ချခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းလာခြင်းမျိုး ပြုလုပ်လာခြင်းဖြစ်သည်။

“ရှေ့တန်းနယ်မြေတွေမှာဝင်နေကြတာက သူတို့တပ်တွေရဲ့ အကြောက်တရား ပိုဖြစ်တယ်လို့ ကျနော်က ခန့်မှန်းမိတယ်။ နောက်ပိုင်းကတော့ လက်နက်တွေနဲ့ဝင်လာကြတာများတဲ့အတွက် တပ်တွေရဲ့ မစည်းရုံး မှုနဲ့ အုပ်ချုပ်မှုပြဿနာတွေကြောင့်လို့ ပြောလို့ရပါတယ်” ဟု ပြည်သူနှင့်ပူးပေါင်းခဲ့သည့် CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် စစ်ကောင်စီတပ်သားဦးရေ ၁၀၀၀၀ (တစ်သောင်း) နီးပါးရှိပြီဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်တိုက်လေယာဉ်များနှင့်အတူ CDM ဝင်ရောက်လာပါက မြန်မာငွေ ကျပ် သိန်းတစ်သောင်း၊ စစ်ကောင်စီသုံး လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ် များကိုဖျက်ဆီးခြင်း၊ သို့မဟုတ် ပျက်ကျအောင်လုပ်ဆောင်၍ CDM ပြုလုပ်ပါက မြန်မာငွေကျပ် သိန်း ခြောက်ထောင် ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖိတ်ခေါ်ထားသည်။

ထို့အပြင် NUG အစိုးရက စစ်ကောင်စီ၏ ဆီသိုလှောင်ကန်များ၊ လက်နက်စက်ရုံများကို ဖျက်ဆီးနိုင်လျှင် သို့မဟုတ် CDM ဝင်လာချိန်တွင် တင့်ကား၊ သံချပ်ကာကားများယူလာနိုင်လျှင် မြန်မာငွေ သိန်းနှစ်ထောင် ချီးမြှင့်မည်ဟုလည်း ဆိုထားသည်။

ရှေ့တန်းတွင် CDM ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုများသည် နောက်တန်းတွင် စစ်ဆေးရေးဝင်ရခြင်း၊ တပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများသိမ်းဆည်းခံရခြင်းနှင့်ခံစားခွင့် မပေး ဘဲ ထုတ်ပယ်ခြင်းတို့ကို စစ်ကောင်စီကပြုလုပ်ကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောကြားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s