Monthly Archives: Jun 2022

နေအိမ် ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မော်လိုက်ဒေသခံများ အရေးပေါ်အကူအညီ လိုအပ်

စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လိုက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အခုလအတွင်း ဝင်ရောက်မွှေ‌နှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ၊ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေနဲ့ စားသောက်ကုန်တွေ လုယက်ခိုးယူပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာခံတဦးက “ရွာ‌တွေကို မွှေနှောက် လုယက်သောင်းကျန်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသတွင်း ကာ ကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာ စကစတွေ အထိနာ အသေများပြီး ယူးဝကျေးရွာအုပ်စုက အိမ်ခြေ ၄၀၀ ကျော်နဲ့ တပ်ကုန်း‌ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ရွာသူရွာသား ၄,၀၀၀ ကျော်မှာ အခြေခံစားသောက်ကုန်နဲ့ ကျန်းမာရေးအတွက် ဆေးဝါး၊ အ ရေးပေါ် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ မော်လိုက်မြို့နယ် စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ ဒေသခံတဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အမည်မသိ အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ခေါင်းဖြတ်သတ်ထားခဲ့ကာ သေဆုံးသူတွေက ဘယ်သူ‌တွေဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ရွာတွေကို မီးရှို့ဖျက်ဆီး လုယက် ဖမ်းဆီးသတ် ဖြတ် အကြမ်းဖက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ DVB

ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ပြီး စစ်သားသေဆုံးမှုများနိုင်၊ မုံရွာ အလုံဆွယ်တော်ဦး စားသောက်ဆိုင်တွင် စစ်သားများနှင့်ပျူစောထီးများ သောက်စားမူးယစ်နေစဉ် မိုင်း ၂ လုံးပစ်သွင်းမှု သေဆုံးမှု များနိုင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် မုံရွာတို့တွင် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက် ခံရခြင်း၊ စားသောက်ဆိုင်ထိုင်၍ သောက် စားနေကြသော စစ်သား နှင့်ပျူစော ထီးများကို မိုင်းပစ် တိုက်ခိုက်ခြင်းတို့ကြောင့် သေဆုံးမှုများပြား နိုင်ကြောင်း PDF များက သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကားစီးရေ၁၀၀ ကျော်သည် ပုလဲမှ ဆင်းသက်လာခဲ့ပြီး လမ်းတစ်လျှောက် အတိုက်အခိုက် အပစ် အခတ် များစွာ ရှိခဲ့ပြီး ဇွန်၁၆ ရက်နေ့ညပိုင်း ယင်းမာပင်မြို့တွင် ညအိပ်စခန်းချခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နှေားရိုးရွာကနေ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာရာ နှောရိုးရွာနှင့် ကောင်းဆင့်ရွာကြားတွင် B-21KANI PDF တပ်ရင်းနှင့် တဇောက်ကန်း PDF အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီယာဥ်တန်း နှင့် အတူ ပါလာသော ခြေလျင်စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက် မှ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး PDF များဘက်မှ ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း B-21KANI PDFက သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆွယ်တော်ဦး စားသောက်ဆိုင်တွင် ဇွန်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် သောက်စား မူးရူးနေကြသည့် စစ်သားများနှင့် ပျူစောထီးများကို Monywa Nightking ၊ MACT Team & DPRA တို့က မိုင်းနှစ်လုံး ပစ်သွင်းတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Monywa Nightking က ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။khit thit

ကျောက်ပန်းတောင်းမြို့တွင် စစ်တပ်က ပစ် ခတ်ဖမ်းဆီးသဖြင့် ပြည်သူ ၁ ဦး ကျဆုံး၊ ၅ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် ဓမ္မာရုံလမ်းကြားမှာ ဇွန်လ ၁၆ရက်နေ့ မနက်၁ နာရီဝန်းကျင်က Mandalay Independent Association အဖွဲ့က ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တစ်ယောက်ကတော့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်တော်သာရပ်ကွက်ထဲက နေအိမ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ဖမ်းဆီးခံရသူတွေက မထက်ယုမွန် ၊ မဂျင်းနီ ၊ မစုနန္ဒာမြင့် ၊ ကိုဇင်မင်းဌေး ၊ ကိုဇေရာမြင့် ၊ ကိုမင်းသူမောင်မောင် ဖြစ်ပြီး သူတို့အိမ်ဌားနေထိုင်တဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီလိုဖမ်းဆီးတဲ့အချိန် ကိုမင်းသူမောင်မောင်က ထွက်ပြေးတဲ့အတွက် စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန် ၆ ချက် ထိမှန်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားကာ အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်မိချိန်မှာတော့ သွေးထွက်လွန်နေပြီး ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့ Mandalay Independent Association အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သေနတ်နဲ့ပစ်ခတ်ခံရသူက သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တကယ်သေဆုံးမှုရှိမရှိကိုတော့ DVB အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခု ဖမ်းဆီးခံထားရသူတွေက စစ်ကောင်စီက မတရား ပုဒ်မတွေတပ်ပြီးဝရမ်းထုတ်ခံထားရသူတွေဖြစ်တယ်လို့လည်း အဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းမိတဲ့အဖွဲ့ဝင်တွေရဲ့အခြေနေအသေးစိတ်ကိုမသိရသေးပဲကျောက်ပန်းတောင်းက ဘောလုံးကွင်းမှာတပ်စွဲထားတဲ့နေရာမှာ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။ DVB

မြစ်ကြီးနားလေတပ်ဌာနချုပ်တွင် ပေါက်ကွဲသံများ သေနတ်သံများထွက်ပေါ်

မြစ်ကြီးနားလေတပ်ဌာနချုပ်ဘက်တွင် ပေါက်ကွဲသံများနှင့် သေနတ်ပစ်သံများ အဆတ်မပြတ်ထွက်ပေါ်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိသည့်အာဏသိမ်းစစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်ဌာနချုပ်ဘက်မှာ ယနေ့ည ၇ နာရီ ကျော်ကတည်းနေ ပေါက်ကွဲသံများ၊ သေနတ်သံများ အတွဲလိုက်ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ဆိုသည်။

“ ပေါက်ကွဲသံကအကြီးကြီးပဲ။ ခုဏတုန်းကတော့ အတွဲလိုက် သေနတ်ပစ်တဲ့အသံအရင် ကြားရတယ်” ဟု ၎င်းဒေသခံကဆိုသည်။

မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်က ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိသည့်မြစ်ကြီးနားလေတပ်ဌာနချုပ်သည် ယခုရက်ပိုင်းအတွင်းက စစ်ကောင်စီသင်တန်းဆင်း တပ်ဖွဲ့ဝင်များကို အပြောင်းအရွေ့ပြုလုပ်နေပြီး၊ ၎င်းမြစ်ကြီးနားလေတပ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့၏ မြို့ဝင်မြို့ထွက် ဝင်ထွက်သွားလာခွင့်ကို ည နေ ၆ နာရီခွဲတိတိတွင် ပိတ်ကာ အထူးစစ်ဆေးလျက်ရှိနေသည်။mizzima

ရွှေဘိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၃၅ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ပွင့်နဲ့ အရာရှိတယောက် အပါအဝင် ၃၅ ဦးခန့် သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ရွေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေဦးဘက်မှ ရွှေဘိုမြို့နယ် ရွာစိုးနဲ့ ပေါက်ချိုင်ရွာကို ဇွန် ၁၁ ရက်က အင်အား ၁၀၀ လောက်နဲ့  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အိမ်ခြေ ၁၀၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် ရွှေဘိုအနောက်ဘက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်ညီနောင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကို မဟာမိတ်ညီနောင်များဖြစ်တဲ့ C&T SHWEBO(Ldf)၊ Snake Eyes (Ldf)၊ ဒေါင်းမာန်(Ldf)၊ ဗိုလ်ကျားရိုင်း(Ldf)၊ ALPHA-7(Ldf)၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ Flying Dragon Force(ဒီပဲယင်း)၊ ရွှေဂျိုးဖြူ(အရာတော်)၊ Shwebo Justice Force၊ ရွှေဘိုခရိုင် ရင်း-၅ တပ်ခွဲ(၃) နဲ့ MDF-Shwebo တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၁၂ ရက်က ပေါက်ချိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ သန်းတောကျေးရွာဘက်ကို ဦးတည်ရာလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားပါတယ်။

၁၄ ရက်နေ့မှာ ရဟတ်ယာဉ်နဲ့ လေကြောင်းထောက်ပို့ အသုံးပြုကာ တည်ပင်ကျေးရွာမှ ရေကြည်ဝကျေးရွာနဲ့ မူးကမ်းကြီးကျေးရွာတို့ကို လက် နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးမှာ ရွှေဘိုမြို့မှ ဦးကျော်လွင်နဲ့ ဒီပဲယင်းမှ ဦးရဲမင်းနိုင်တို့ဖြစ်ပြီး ရေကြည်ဝကျေးရွာမှ အပြစ်မဲ့ပြည်သူတယောက် အရှင်လတ်လတ် မီးရှို့သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ DVB

ယင်းမာပင်တွင် စစ်ကောင်စီ၏ ခြေလျင်စစ် ကြောင်း မိုင်း ၃၇ လုံး Mytel မမ လက်နက် ကြီး ရှစ်ချက်ဖြင့် တိုက်ခိုက်ခံရ၍ စစ်သား ၂၀ သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် လည်ငေါက် ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်း ၃၇ လုံး ၊ Mytel မမ လက်နက်ကြီး ရှစ် ချက်ဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ဦးရေ ၂၀ သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု SAYAR SAN PDF တာဝန်ခံထံက သိရသည်။

စစ်ကောင်စီတပ်သား ဦးရေ ၅၀ ခန့်ပါ ခြေလျင်စစ်ကြောင်းသည် လည်ငေါက်ကျေးရွာမှ ယင်းမာပင်မြို့ဘက်ကို စစ်ကြောင်း သုံးကြောင်းခွဲထွက်လာခြင်းဖြစ်သည်။

စစ်ကြောင်း ခွဲထွက်လာသည့် အဆိုပါစစ်ကောင်စီတပ်ကို ဇွန်လ ၁၆ရက် နံနက် ၇နာရီ ၁၅ မိနစ်အချိန်တွင် ဆရာစံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က Mytel မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပဒေသာမိုင်း သုံး လုံးတွဲဖြင့်ဆွဲခဲ့ရာ စစ်သား ခုနစ် ဦးသေဆုံးပြီး သုံးဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အလောင်းတွေကိုတော့ ကားပေါ် တစ်ခါတည်း ပြန်တင်သွားပါတယ်။ စစ်သား သေဆုံးမှုက ကျွန်တော်တို့ စကုတ်နဲ့ကြည့်ပြီး သေချာကြည့်ဆွဲတာပါ။ အတွင်း သတင်းလည်းရှိပါတယ်။ မုံရွာ နမခထိ သယ်သွားပါတယ်။ စခ(စစ်ကောင်စီတပ်သား) တွေက ခြေလျင်တွေကို အရင်ထွက်တာပါ။ လမ်းဘေးဘယ်ညာ ဖြန့်ထွက်တာပါ။ လည်ငေါက် ယင်းမာပင် အထိ ကင်းချပြီးတော့မှ လမ်းပေါ်ကနေ အသေခံ မိုင်းရှင်းလင်းရေး သမားတွေ ထွက်လာပါတယ်။ ကားတန်းကို ဆွဲလို့မရအောင် ရှေ့ကနေအရင် ခြေလျင်တွေ ထွက်တာမို့ မိုင်းဆွဲလို့ရပါတယ်။ ကားတွေကတော့ မိုင်းတွေအကုန်ရှင်းပြီးမှ ထွက်လာတာပါ။ ကားအစီး ၁၁၁ စီးပါတယ်” ဟု SAYAR SAN PDF တာဝန်ခံကပြောသည်။

ထို့အပြင် နံနက် ၉နာရီ ၄၀မိနစ်တွင် ယင်းမာပင်မြို့ဘက်သို့ ချီတက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ကို ပဒေသာမိုင်း ငါး လုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ခုနစ်ဦးခန့်အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ နေ့လယ် ၁၁နာရီ မိနစ်၂၀ တွင် စက်သေနတ်ဆုံလည် တပ်ဆင်ထားသည့် စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးကားထပ်မံထွက်လာခဲ့ပြီး တိုက်မိုင်းနင်းမိသော်လည်း အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် အနည်းငယ်သာထိခိုက်ခဲ့သည်ဟုသိရသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာမည့် အဆိုပါလမ်းကြောင်းများကို တပ်တွင်းဖရဲသီး(သတင်းပေး) ၏ သတင်းပေးပို့ချက်အရကြိုတင်သိရှိရ၍ နေရာတော်တော်များများတွင် မြေမြုပ်မိုင်းများ ထောင်ထားနိုင်ခြင်း ဖြစ်ကြောင်း SAYAR SAN PDF တာဝန်ခံက ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိခိုက်မရှိပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီ ယာဉ်တန်းသည် ဂန့်ဂေါမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) မှ စစ်ကား ၁၁၁စီးနှင့်အတူ ခြေလျင်အင်အား ၃၀ ၀ခန့်ဖြင့် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာသို့ ဇွန်လ ၁၅ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကား ၁၁၁ စီးပါ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ယင်းမာပင်မြို့မှ မုံရွာမြို့ဘက်သို့ ဆက်လက် ဦးတည်ထွက်ခွါသွားကြောင်း သိရသည်။mizzima

ရန်ကုန်မှ လတ်တလော အဖမ်းခံရသူ ၃၀ တွင် ဓားစာခံများ ပါဝင်

မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သည့် စွပ်စွဲချက်ဖြင့် ရက်သတ္တတစ်ပတ်အတွင်း ရန်ကုန်မြို့၌  လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ထိုသူများမှာ ၃ ရက်ကြာသည်အထိ မည်သည့်နေရာမှာ ထိန်းသိမ်းထားသည်ကို မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေသည်။

စစ်ကောင်စီက ဇွန် ၁၃ မှစပြီး သပိတ်ကော်မတီဝင်များ၊ နိုင်ငံရေးပါတီနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုသာမက ၎င်းတို့ ဖမ်းလိုသူတချို့ ၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂများနှင့် ရန်ကုန်မြို့ခံများထံမှ သိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ် ဒုတိယနှစ် ဥပဒေကျောင်းသူ မရွှေရည်ဝင်းသည် မိသားစုဝင်များကို ဓားစာခံအဖြစ်မခံလိုသောကြောင့် တိမ်းရှောင်မှုမပြုခဲ့ဟု သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်က ၎င်း၏ ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးသွားသည်ဟု ဆိုသည်။

“အိမ်မှာ အဖမ်းခံလိုက်တဲ့သဘောပေါ့။ သူမိဘတွေ ပါမှာစိုးလို့ စိုးရိမ်မှုနဲ့ (လာဖမ်းတာ) စောင့်လိုက်တာ။ သူ့အဖေပါ ပါသွားတယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူရိန်က ပြောသည်။

သူတို့နှစ်ဦးကို  ကြည့်မြင့်တိုင်မြို့နယ်၊ အိုးဘိုလမ်းနေအိမ်၌ ဇွန် ၁၅ ည ၁၀ နာရီခန့်က စစ်တပ် အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သူတို့နှစ်ဦးကို ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် နောက်တစ်နေ့ (ဇွန် ၁၆) ညနေအထိ ဖမ်းဆီးထိန်းသိမ်းထားရာမှ နေရာပြောင်းလိုက်ကြောင်း၊ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ  ယမန်နေ့က ထုတ်ပြန်ထားသည်။

အလားတူအဖြစ်အပျက်မျိုး မြို့ပြပြောက်ကျားသပိတ်များ အားကောင်းသည့် ကမာရွတ်မြို့နယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ 

ဇွန်လ ၁၄ ရက်နေ့က ကမာရွတ်မြို့နယ်၊ နီလာလမ်းတွင် နေထိုင်သည့် ကိုဇွဲဆိုသူကို စစ်တပ်က လာရောက်ဖမ်းဆီးရာ ရှာမတွေ့သဖြင့် အသက် ၄၈ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ် ညီမဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။  

“ခုအချိန်ထိတော့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။ သားဖြစ်တဲ့သူက ထွက်ပြေးလွတ်မြောက်တော့ အမေနဲ့ ညီမကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာပါ” ဟု ဆိုသည်။

စစ်တပ်က မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သူ ကျောင်းသားလူငယ်များကိုသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကိုလည်း ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခဲ့သည်။ 

ဇွန် ၁၅ ညပိုင်းက NLD ပါတီ၏ ကျောက်တံတားမြို့နယ် ဗဟိုအလုပ်အမှုဆောင် ၂ ဦး ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရပြီး ယနေ့ (ဇွန် ၁၇) ထိ အဆက်အသွယ်မရသေးကြောင်း၊ ဖမ်းဆီးခံရသူများမှာ နိုင်ငံရေးနှင့် ဆက်လက်ပတ်သက်ခြင်းမရှိတော့သူများဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က လက်ရှိအချိန်မှာ ပါတီလုပ်ငန်းတွေ ဘာမှ မရှိတဲ့အတွက် အရပ်သားအသွင်နဲ့ နေနေကြတာကို ဖမ်းသွားတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ဆိုသည်။ 

ဆန္ဒပြသပိတ်တွင် ပါဝင်သူများကို ပြည်သူလူထုက တတ်နိုင်သမျှ ကူညီကာကွယ်ပေးစေလိုကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ၏ မြေပြင်တာဝန်ခံဖြစ်သူ ကိုလီယိုက တိုက်တွန်းသည်။ 

“ကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ်နေရင် လုံခြုံရေးပိုအဆင်ပြေပါတယ်။ ပြီးတော့ ခေတ္တဆိုတဲ့ အခြေအနေမှာ လူထုအတွက် ထိခိုက်မှုတော့ မရှိနိုင်ပါဘူး။ မိသားစုတစ်ခုလုံးကို ပစ်ပြီးပြေးရတဲ့ လူငယ်တွေမို့ ဒီလိုအခြေအနေကို နားလည်ကူညီပေးချင်တာပါ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁၁၀၈၁ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၁၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၆ တွင် ထုတ်ပြန်ထားသည်။ 

စစ်တပ်က မြို့ပြပြောက်ကျားလှုပ်ရှားမှုများကို နှိမ်နင်းနေပြီး မြို့ပြပြောက်ကျားများ နေထိုင်ရန် လက်ခံသူတို့၏ နေအိမ်များကိုပါ ချိပ်ပိတ်သိမ်းဆည်းနေသောကြောင့် စစ်ကောင်စီကို ဆန့်ကျင်ရေး၊ တိုက်ခိုက်ရေးလှုပ်ရှားမှုများ ပိုမို ခက်ခဲလာနေသည်ဟု သိရသည်။  myanmar now

မောင်တောတွင် ပျောက်ဆုံးနေသည့် ပညာ ရေးဝန်ထမ်း ၂ ဦး ပြန်ပေးဆွဲခံနေရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အပိုင် သင်္ဘောလှကျေးရွာမှ ပျောက်ဆုံးနေတဲ့ မူလွန်ကျောင်းအုပ်၊ ကျောင်းဆရာမတို့နဲ့ အဆက်အသွယ်ရရှိပြီး ပြန်လွှတ်ပေးဖို့အတွက် ပြန်ပေးဆွဲဖမ်းဆီးထားသူတွေက ဘင်္ဂလားဒေ့ရှ်ငွေ သိန်း ၅၀ တောင်းနေတယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးအောင်စံကျော်က အတည်ပြုပြောဆိုပါတယ်။

“ကျောင်းအုပ်ဘိုဝင်းနဲ့ အဆက်အသွယ်ရတယ်။ ဖမ်းထားသူတွေဘက်က ဘင်္ဂလားငွေ သိန်း ၅၀ တောင်းတယ်။ ပြောတာကတော့ ဘင်္ဂါလီစကားနဲ့ဖြစ်တယ်။ အခု သူတို့မိသားစုတွေ မောင်တောကို လာနေကြတယ်။ အဓိက မိသားစုသဘောဆန္ဒတွေအရ ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့အလုပ် သူတို့လုပ်ကြပါလိမ့်မယ်။”

ပျောက်ဆုံးနေသူ ၂ ယောက်ဟာ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်ဖြစ်ပြီး သူတို့ဟာ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် ဆိုင်ကယ်တွေနဲ့ မောင်တောကို ဆင်းလာကြစဥ် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ကိုလိုက်ရှာနေတဲ့ ​​ကျောင်းဆရာ ကိုမောင်မောင်က “ကျနော်တို့ လိုက်ရှာတဲ့လူဦးရေ ၂၀၀ လောက်ရှိတယ်။ ကျောက်ချောင်းကျေးရွာသွားလမ်းမှာ ဆရာကြီးဦးဘိုဝင်းရဲ့အိတ်နဲ့ ဆရာမ ဥမ္မာကျော်ရဲ့ဖိနပ် တွေ့တယ်။ ဖမ်းခေါ်သွားသူတွေရဲ့ အသုံးအဆောင်တွေ တွေ့ရတယ်။ ကျနော်တို့ ဆက်လိုက်ရှာနေကြစဥ် ပညာရေးဌာနက သူတို့နဲ့ အဆက်အသွယ်ရတယ်လို့ ဖုန်း​နဲ့အကြောင်းကြားလာတော့ နယ်ခြားစောင့်တွေက ကျနော်တို့ကို ပြန်ခိုင်းတယ်။ သူတို့ကျန်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောလှမူလွန်ကျောင်းအုပ်ကြီးနဲ့ ဆရာမတို့ကို နံ့သာတောင်၊ တောင်ပြို၊ သင်္ဘောလှ၊ သာယာကုန်း၊ မီးတိုက် စတဲ့ကျေးရွာသားတွေနဲ့ အဲဒီကျေးရွာတွေက ပညာရေးဝန်ထမ်း ဆရာတွေက အဖွဲ့ ၇ ဖွဲ့ခွဲပြီး လိုက်လံရှာဖွေကြရာ ကျောက်ချောင်းအုပ်စုမှ အခုလိုတွေ့ရှိခဲ့တာဖြစ်ကြောင်း ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။ DVB

ငရုတ်ကောင်းမြို့တွင် ဒေသခံ ၁၅ ဦးကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးထား

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် ဒေသခံပြည်သူ ၁၅ ဦးကျော်ကို စစ်ကောင်စီတပ် များနှင့် ရဲများက PDF များနှင့် အ ဆက်အသွယ်ရှိသည်ဟု မတရားစွပ်စွဲဖမ်းဆီးထားပြီး ထပ်မံဖမ်းဆီးမှု များလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

နံသာပုကျေးရွာ၊ စမ်းချောင်းကျေးရွာ၊ ဆင်ငံကျေးရွာ၊ ကြွေချိုင်ကျေးရွာနှင့် ငရုတ်ကောင်းမြို့ပေါ်မှဒေသခံ များကို ဖမ်းဆီးထားခြင်းဖြစ် ကြောင်း ဒေသခံများထံမှသိရသည်။

“ ၁၃ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ပြီး ရွာသားတွေကို စစ်တပ်ကလိုက်ဖမ်းနေတာပါ။ ရွာထဲက အိမ်တွေကို ဝင်ပြီး ရိက္ခာတွေလည်း ယူနေတယ်။ တော်တော်များများဆိုရင် အဖမ်းခံရမှာစိုးလို့ အခုထိထွက်ပြေးတိမ်း ရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါးက ငရုတ်ကောင်းမြို့ပေါ်နှင့် ဆင်ငံကျေးရွာအနီးရှိ တောင် ခြေများတွင် အသင့်အနေအထားဖြင့်ရှိနေကြောင်း ဒေသခံများကဆိုသည်။

မတရားဖမ်းဆီးခံထားရသည့် ဒေသခံ ၁၅ ဦးကျော်ကို ငရုတ်ကောင်းရဲစခန်းနှင့် ငပုတောမြို့နယ် ရဲစခန်း တို့တွင် စစ်ကောင်စီတပ်များနှင့်ရဲများက စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောကြားချက် အရသိရသည်။ mizzima

မုတ္တမကမ်းလွန်ရှိ ရေနံသဘာဝဓာတ်ငွေ့စီမံ ကိန်းအားလုံး ထိုင်းကုမ္ပဏီများသိမ်းပိုက်

မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီလုပ်ကိုင်နေသော ရဲတံခွန်စီမံကိန်း အော်ပရေတာသစ်အဖြစ် Gulf Petroleum ရရှိသွားပြီဖြစ်ရာ မုတ္တမကမ်းလွန်ရှိ ထုတ်လုပ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းအားလုံးကို ထိုင်းကုမ္ပဏီများ သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ရဲတံခွန်စီမံကိန်းအော်ပရေတာဖြစ်သူ Petronas နှင့် အခြား နိုင်ငံတကာကုမ္ပဏီများ နုတ်ထွက်သွားပြီးနောက် အော်ပရေတာသစ်ရှာဖွေရေးအတွက် စစ်ကောင်စီက မေလအတွင်း တင်ဒါခေါ်ယူခဲ့ရာတွင် လျှောက်ထားသည့် ကုမ္ပဏီလေးခုအနက် ထိုင်းအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာမှုနှင့်အတူ မုတ္တမကမ်းလွန် ရေတိမ်ပိုင်းလုပ်ကွက်များဖြစ်သော M-5, M-6 (ရတနာ)၊ M-9 (ဇောတိက)၊ M-12, M-13, M-14 (ရဲတံခွန်) တို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းသုံးခုလုံးကို ထိုင်းကုမ္ပဏီများသာ ဦးဆောင်သွားတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း ရတနာမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာပြီးနောက် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီက အော်ပရေတာအဖြစ် လွှဲပြောင်းရယူခဲ့သည်။ ထိုင်းနိုင်ငံပိုင် PTT သည် ဇောတိကစီမံကိန်းအော်ပရေတာလည်းဖြစ်သည်။

အဆိုပါ စီမံကိန်းသုံးခုလုံးမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် ရတနာနှင့် ဇောတိကစီမံကိန်းနှစ်ခု၏ အော်ပရေတာဖြစ်သည့်ပြင် သဘာဝဓာတ်ငွေ့ဝယ်ယူသူလည်းဖြစ်သည်။

စစ်ကောင်စီလက်ထက်တွင် ရဲတံခွန်စီမံကိန်းအော်ပရေတာဖြစ်လာသူ Northern Gulf Petroleum မှာ ထိုင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် Gulf Petroleum Myanmar အမည်ဖြင့် ကုမ္ပဏီခွဲတစ်ခုကို ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားသည်။ 

မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာမည့်အကြောင်း Petronas ကုမ္ပဏီက စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနနှင့် ကုမ္ပဏီဝန်ထမ်းများကို ပြီးခဲ့သည့်လအတွင်း အကြောင်းကြားခဲ့သည့်နည်းတူ အော်ပရေတာသစ်အဖြစ် Gulf Petroleum ရရှိသွားပြီဖြစ်ကြောင်း ဝန်ဆောင်မှုကုမ္ပဏီများ (Service Providers) ကို ယခုရက်ပိုင်းအတွင်း အသိပေးခဲ့သည်ဟု Petronas ကုမ္ပဏီဝန်ထန်းအချို့ထံမှ သိရသည်။

လွှဲပြောင်းရေးလုပ်ငန်းများ မစတင်မီ Petronas ကုမ္ပဏီအနေဖြင့် ရပ်နားထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်စရမည်ဖြစ်ကြောင်း Gulf Petroleum Myanmar ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောသည်။ 

“Petronas က ထုတ်လုပ်ရေးရပ်ထားတယ်။ သူတို့ အဲဒါကို ပြင်ရမယ်။ ပြင်ပြီးမှ ကျွန်တော်တို့က လွှဲယူလို့ရမှာကိုး။ ကျွန်တော်တို့ကိုတော့ လွှဲပြောင်းဖို့အတွက် ဝန်ကြီးဌာနကနေ စာထုတ်ပေးလိုက်ပြီပေါ့။ ဒါပေမဲ့လည်း အလုပ်သဘောအရ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်) တို့ ဘာတို့ ပြန်တင်ရမှာပေါ့” ဟု ၎င်းက ဇွန် ၁၆ ရက်တွင် ပြောသည်။ 

လတ်တလော ရဲတံခွန်စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ၎င်းတို့ကုမ္ပဏီသာရှိပြီး အခြားရင်းနှီးမြှုပ်နှံသူများ မရှိကြောင်း၊ Gulf Petroleum Myanmar ကသာ လုပ်ငန်းလည်ပတ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်လှိုင်က ဆိုသည်။

ရဲတံခွန်စီမံကိန်းကို လွှဲပြောင်းရယူရေးအတွက် Petronas ကုမ္ပဏီနှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ညှိနှိုင်းနေခြင်းဖြစ်သော်လည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် Total ကဲ့သို့သော နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာသွားပြီးနောက် မလေးရှားကုမ္ပဏီက နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက်ကြေညာခဲ့သည့်အတွက် အချိန်တစ်လသာ ရကြောင်းလည်း သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “အခုလောလောဆယ် စိစစ်တဲ့အခြေအနေပဲ ရှိသေးတယ်။ လွှဲပြောင်းမဲ့အခြေအနေပဲ ရှိသေးတယ်။ အကုန်လုံးထွက်သွားတဲ့အတွက်ကြောင့် MOGE ကို လွှဲပြောင်းရေး အရင်လုပ်ရဦးမှာ” ဟု ဖြေကြားသည်။

မြန်မာ့ကမ်းလွန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီများ နုတ်ထွက်ခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားငွေအရင်းအမြစ်ဖြစ်သော နိုင်ငံပိုင် MOGE ကိုလည်း ပြီးခဲ့သည့်မတ်လတွင် ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူခဲ့သည်။

ရဲတံခွန်စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရေး စစ်ကောင်စီက တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီလေးခုသာ လျှောက်ထားရာ ၎င်းတို့မှာ Gulf Petroleum Myanmar အပြင် တရုတ်နိုင်ငံပိုင် CNPC နှင့် မြန်မာကုမ္ပဏီများဖြစ်သော Yetagun Myanmar Energy, Union Capital တို့ဖြစ်ကြောင်း သိရသည်။

Petronas ကုမ္ပဏီဝန်ထမ်းအချို့နှင့် နီးစပ်သူများအဆိုအရ ရဲတံခွန်စီမံကိန်းကို ပါဝင်လျှောက်ထားသည့် Yetagun Myanmar Energy ကုမ္ပဏီမှာ တယ်လီနောမြန်မာကို ဝယ်ယူခဲ့သူ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ပိုင်ဆိုင်သည်ဆိုသော Yetagun Myanmar Energy ကုမ္ပဏီကို ပြီးခဲ့သည့်မေလလယ်ပိုင်းတွင် တက်သုတ်ရိုက် မှတ်ပုံတင်ထားခြင်းဖြစ်သည်။ 

စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုရှိသော ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပူးပေါင်းဝယ်ယူပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအထိ ခြေလှမ်းကျဲလာခြင်းဖြစ်သည်။ 

ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်မှာ လက်ရှိတွင်လည်း မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီထုတ် စက်ချောဆီ (Lubricant) များ ပြည်တွင်းသို့ တင်သွင်းဖြန့်ဖြူးလျက်ရှိသည်။

“သိသလောက် ရွှေဗျိုင်းဖြူက Petronas downstream (ရေနံထွက်ပစ္စည်းလုပ်ငန်း) နဲ့ တော်တော် အလုပ်ဖြစ်နေတယ်။ နောက်ပိုင်း ဆီဆိုင်တွေဘာတွေတောင် ဖြစ်လာနိုင်တယ်။ Petronas အရင်ရုံးဟောင်းနေရာ အမှတ် ၁၆ ရွှေတောင်ကြားခြံပိုင်ရှင်ကလည်း ဦးသိန်းဝင်းဇော်ပဲလေ” ဟု Petronas ကုမ္ပဏီ ဝန်ထမ်းဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူလူထု အတိဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့မည့်ကုမ္ပဏီများကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွင်းဝန် ဦးထက်နိုင်ဦးက ပြောသည်။

“ပြည်သူ့သဘောထားနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေကို ဒုက္ခပေးဖို့ ငွေတွေလာပေးမယ်ဆိုရင်တော့ လုပ်သင့် မလုပ်သင့် အဲဒီကုမ္ပဏီတွေအနေနဲ့ သေသေချာချာ စဉ်းစားတွေးတောသင့်တယ်။ NUG က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။​

မြန်မာနိုင်ငံတွင် ထုတ်လုပ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုသာရှိပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချလျက်ရှိသည်။

ယခုအခါ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသာ မြန်မာနိုင်ငံအောက်ပိုင်း မုတ္တမကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသုံးခုလုံးကို ထိုင်းကုမ္ပဏီများကသာ ဦးဆောင်လုပ်ကိုင်မည်ဖြစ်ကာ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့ရောင်းချရာတွင်လည်း ထိုကုမ္ပဏီများသာ ခြယ် လှယ်ခွင့်ရှိမည် ဖြစ်သည်။

အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိသည့် ထိုင်းပုဂ္ဂလိကကုမ္ပဏီ Gulf Petroleum က ရဲတံခွန်စီမံကိန်းတွင် ရာခိုင်နှုန်းမည်မျှထိ ပိုင်ဆိုင်ခွင့်ရမည်ကို အတိအကျ မသိရသေးသော်လည်း ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် ဇောတိကစီမံကိန်းတွင် ၈၀ ရာခိုင်နှုန်း၊ ရတနာစီမံကိန်းတွင် အော် ပရေတာမဖြစ်မီကတည်းက ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ myanmar now

« Older Entries