ကျောက်ပန်းတောင်းမြို့တွင် စစ်တပ်က ပစ် ခတ်ဖမ်းဆီးသဖြင့် ပြည်သူ ၁ ဦး ကျဆုံး၊ ၅ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် ဓမ္မာရုံလမ်းကြားမှာ ဇွန်လ ၁၆ရက်နေ့ မနက်၁ နာရီဝန်းကျင်က Mandalay Independent Association အဖွဲ့က ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တစ်ယောက်ကတော့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တော်သာရပ်ကွက်ထဲက နေအိမ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ဖမ်းဆီးခံရသူတွေက မထက်ယုမွန် ၊ မဂျင်းနီ ၊ မစုနန္ဒာမြင့် ၊ ကိုဇင်မင်းဌေး ၊ ကိုဇေရာမြင့် ၊ ကိုမင်းသူမောင်မောင် ဖြစ်ပြီး သူတို့အိမ်ဌားနေထိုင်တဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီလိုဖမ်းဆီးတဲ့အချိန် ကိုမင်းသူမောင်မောင်က ထွက်ပြေးတဲ့အတွက် စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန် ၆ ချက် ထိမှန်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်သွားကာ အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်မိချိန်မှာတော့ သွေးထွက်လွန်နေပြီး ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့ Mandalay Independent Association အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သေနတ်နဲ့ပစ်ခတ်ခံရသူက သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တကယ်သေဆုံးမှုရှိမရှိကိုတော့ DVB အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
အခု ဖမ်းဆီးခံထားရသူတွေက စစ်ကောင်စီက မတရား ပုဒ်မတွေတပ်ပြီးဝရမ်းထုတ်ခံထားရသူတွေဖြစ်တယ်လို့လည်း အဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းမိတဲ့အဖွဲ့ဝင်တွေရဲ့အခြေနေအသေးစိတ်ကိုမသိရသေးပဲကျောက်ပန်းတောင်းက ဘောလုံးကွင်းမှာတပ်စွဲထားတဲ့နေရာမှာ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။ DVB