ကွတ်ခိုင်မြို့နယ် ဇွပ်အောင်စစ်ရှောင်စခန်းတွင် စစ်ကောင်စီတပ်၏လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ရှောင်စခန်းမှပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း သိရ သည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဇွပ်အောင်စစ်ရှောင်စခန်း အတွင်းသို့ စစ်ကောင်စီတပ်က အနီးနားတွင်မည်သည့်တိုက်ပွဲမှမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် အမျိုးသမီးသုံးဦးသေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတစ်ဦး ကပြောသည်။
“ ဒီမနက် ၁၁ နာရီလောက်မှာပေါ့ ဘာတိုက်ပွဲမှမဖြစ်၊ ကျွန်တော်တို့စခန်းထဲမှာ ဘာစစ်သားမှမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ သုံးဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရဒဏ်ရာ ရထားတယ်” ဟု ၎င်းက ပြောသည်။
အခြားကွတ်ခိုင်ဒေသခံတစ်ဦးကလည်း ဇွန်လ ၁၆ ရက်နေ့က စစ်ရှောင်စခန်းနှင့်သုံးမိုင်ခန့်အကွာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ညပိုင်း မှစ၍ ယနေ့အထိ မည်သည့်ထိတွေ့မှုများမရှိကြောင်း ပြောသည်။
လက်ရှိတွင် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် စစ်ရှောင်ပြည်သူများမှာ ကွတ်ခိုင် မြို့အတွင်းသို့ ထပ်ဆင့်စစ်ရှောင်ရန်ပြင်ဆင်နေရပြီး မိုးတွင်းကာလတိမ်းရှောင်ရခြင်းကြောင့် မိုးကာများ လုံလောက်မှုမရှိဘဲ အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။ mizzima