စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း ထုတ်ပြန်ကြေညာချက် တရားဝင်မှုမရှိဟု NUG ပညာရေး ဝန်ကြီးဌာန ထပ် လောင်း အသိပေး

စစ်ကောင်စီက ယနေ့ ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းသည် တရားဝင်မှုမရှိကြောင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၇ရက်နေ့ ရက်စွဲဖြင့် ထပ်လောင်းအသိပေး ထုတ်ပြန်သည်။
တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်သည် ပညာရေးကို အသုံးချ၍ အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ် ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန် ကြေညာခြင်း စသည့် စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများအားလုံးသည် တရားဝင်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အကြိမ်ကြိမ် အခါခါ ထုတ်ပြန် ကြေ ညာခဲ့ပြီး ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် စစ်အာဏာရှင်က ကျင်းပသည့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိဘဲ CDM လုပ်ခဲ့ကြသော ကျောင်း သား၊ ကျောင်းသူများ အားလုံးကို အလေးအမြတ် ဂုဏ်ပြုမှတ်တမ်း တင်ကြောင်း ဆိုထားသည်။
“ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေးအမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိ အမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်ပါကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနက အသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူဦးရေမှာ ၂၈၀,၀၀၀(နှစ်သိန်း ရှစ်သောင်း) ကျော်သာရှိခဲ့ပြီး အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူဦးရေ ၉၀၀၀၀၀ (ကိုးသိန်း) ကျော်ရှိခဲ့သည်။ mizzima