ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက အဂတိအမှု ၅ မှုဖြင့် စွပ်စွဲ၍ ထောင်ဒဏ် ၂၁နှစ် ချမှတ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိအမှု ငါးမှုအတွက် ယနေ့ ဇွန်လ ၁၇ရက်တွင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သည်ဟု အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္ဈိမကို ပြောသည်။

အိုးဘိုအကျဉ်းထောင်တွင်းတရားရုံး တိုင်းတရားသူကြီး ဦးခင်မောင်ထွန်းက ယခုလို အမိန့်ချမှတ်လိုက်ခြင်းအပေါ် ဒေါက်တာဇော်မြင့်မောင်က အယူခံဆက်တက်မည်ဟု တရားခွင်အတွင်း တရားသူကြီးကို တဆက်တည်း ပြောကြားခဲ့သည် ဟု သိရသည်။

” အဂတိမှုငါးမှုအတွက် ထောင်ဒဏ် ၂၁ ချမှတ်လိုက်တယ်။ ဒီနေ့ပဲ အယူခံဆက်တက်ဖို့ တစ်ခါတည်းစီစဉ်နေပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်း မိတ္ထူယူနေပါပြီ။ တိုင်းအဆင့် ကချတာမို့ ပြည်ထောင်စုအဆင့်တက်မှာပါ။ နောက်နှစ်ပတ်အတွင်းမှာ အယူခံတက်မှာ ပါ။ တရားသူကြီးက အမိန့်ချပြီး မကျေနပ်ရင် အထက်ဆက်တက်ပါဆိုပြီးပြောတော့ ဒေါက်ဇော်(ဒေါက်တာဇော်မြင့်မောင်) က ဆက်တက်မယ်လို့ တရားခွင်အတွင်းမှာပဲ ပြန်ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဝန်ကြီးချုပ်အားချမှတ်ခဲ့သည့် ထောင်ဒဏ် ၂၁နှစ်သည် စေပိုင်ဆောက်လုပ်ရေး လုပ်ငန်းရှင် မောင်ဝိတ်နှင့် ပတ်သက်၍ စွပ်စွဲခံထားရသော အဂတိမှုမှ ရာကြီးမှုအမှတ် (၆)နှင့် (၇) အမှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့်ပတ်သက်၍ စွပ်စွဲ ထားသော အဂတိအမှုမှ ရာကြီးမှု အမှတ်(၈)အတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

အလားတူပြင်ဦးလွင်နှင့် မြင်းခြံမြို့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း မြေနေရာချထားပေးမှုကို အဂတိလိုက်စားသည်ဟုဆိုကာ စွပ်စွဲထားသည့် အဂတိအမှုမှ ရာကြီးမှု အမှတ် (၉)နှင့် (၁၀) အမှုတို့အတွက် တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချမှတ်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့် ပတ်သက်၍ စွပ်စွဲထားသော အမှုတွင် ဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ ဆေးဝါးသွားရောက်ကုသစဉ်က ဒေါ်လာ ၁၅၀,၀၀၀ ခွဲ၍ လှူဒါန်းခဲ့သည့် အမှုနှင့် ဝန်ကြီးချုပ် ထိုင်းနိုင်ငံမှ ဆေးကုသအပြီးအပြန်တွင် လိုအပ်သည်များ သုံးစွဲရန် မြန်မာကျပ်ငွေ ၆၅၀ သိန်းကို နှစ်ကြိမ်ခွဲ၍ လှူဒါန်းခဲ့သည် ဆိုသော အမှု ဖြစ်သည်။

ထပ်မံစွဲဆိုသည့် အဂတိအမှု တစ်မှုမှာ ဖွံ့ဖြိုးသစ် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်ဆိုသူက ၎င်း၏ တပည့်ဖြစ်သူ ကိုအောင်ဇော်ကိုမှတစ်ဆင့် ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့သည်ဆိုသော အမှုများဖြစ်သည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က တရားခွင်အတွင်း အကြိမ်ကြိမ်ငြင်းဆိုထားပြီးဖြစ်သလို မောင်ဝိတ်ကလည်း ဝန်ကြီးချုပ် ကျန်းမာရေးအတွက် ၎င်းဆန္ဒဖြင့် လှူဒါန်းခြင်းသာဖြစ်ကြောင်း ရုံးချိန်းတစ်ခုတွင် ထွက်ဆိုကာ ဝန်ကြီးချုပ်အား ထိုင်ကန်တော့၍ တောင်းပန်ခဲ့သည်။

အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်သည် သွေးကင်ဆာဝေဒနာကို ခံစားနေရသူ ဖြစ်သည့်အပြင် ပြီးခဲ့သောရက်ပိုင်းကလည်း မျက်လုံး တိမ်စွဲကပ်မှုကြောင့် ခွဲစိတ်ကုသမှု ခံယူထားရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်အနေဖြင့် သဘာဝဘေးပုဒ်မဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီး ၅၀၅(ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ် ၊ ရွေးကောက်ပွဲ မလျှော်သြဇာ သုံးသည်ဟုဆိုကာ စွပ်စွဲထားသော ပုဒ်မ ၁၇၁(စ)ဖြင့် ထောင်ဒဏ် တစ်နှစ်၊ အဂတိအမှု ငါးမှုဖြင့် ထောင်ဒဏ် ၂၁နှစ် စုစုပေါင်းထောင်ဒဏ် ၂၆နှစ်ချမှတ်ခံထားရပြီဖြစ်သည်။

ဝန်ကြီးချုပ်အနေဖြင့် ဆက်လက်ရင်ဆိုင်ရန် အမှုတစ်မှုကျန်ရှိနေပြီး အဆိုပါအမှုမှာ အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ၁၃၀(က)ဖြင့် စွပ်စွဲထားသော မဲမသမာမှု ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s