ပန်းချီရွာတွင် ကြွေလွင့်ခဲ့သူ ဦးဖိုးဇော်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပန်းချီကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စခန်းငယ်တစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ရဲဘော် ၈ ဦး ကျဆုံးခဲ့သည်ဟူသည့် လူမှုကွန်ရက်သတင်းကို ဖတ်ရှုနေရင်း ဒေါ်စိုး* မျက်ရည်ကျမိသည်။

အကြောင်းမှာ မေလလယ်ပိုင်း ရွှေဘို-မုံရွာ လမ်းခွဲ အုန်းတောကျေးရွာအနီး ထိုစခန်းမှ ကျဆုံးသူများထဲတွင် ၎င်း၏ မိတ်ဆွေအရင်းအချာတစ်ယောက် ပါဝင်နေသောကြောင့်ပင်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ မိတ်ဆွေများက ဝမ်းနည်းကြောင်း အွန်လိုင်းတွင် ရေးသားကြသဖြင့် သေဆုံးမှုကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

“အစက သူမှန်း မသိဘူး။ နောက်မှ မဟာအောင်မြေကလူတွေပါ တင်လာမှ ‘ဟာ’ ဆိုပြီး ဖြစ်သွားတာ။ ရုတ်တရက် ဘာမှလည်း မပြောနိုင်ဘူး။ ငိုပဲ ငိုနေမိတယ်” ဟု သူက ပြောသည်။

ခင်မင်ရင်းနှီးသူများက “ဖိုးဇော်”ဟု ချစ်စနိုး ခေါ်ခဲ့ကြသည့် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးရဲမင်းဇော်နှင့် လများမကြာမီက မန္တလေးတွင် တွေ့ဆုံခဲ့စဉ် ပြောခဲ့သည့်စကားများကိုသာ ပြန်ကြားယောင်နေမိသည်ဟု ဒေါ်စိုးက ဆိုသည်။ 

“စိတ်ရင်းသဘောက အင်မတန်ကောင်းတာ။ ကိုယ့်ကိုတောင် သူက ပြန်ပြီးမှာနေသေးတာ။ ဂရုစိုက်ဦးတဲ့”

ထိုအချိန်က တော်လှန်ရေးအတွက် စိတ်ဓာတ်ပြင်းပြနေသည့် ဦးရဲမင်းဇော်နှင့် တွေ့ဆုံချိန်တွင် နိုင်ငံရေးအခြေအနေများ ဆွေးနွေးဖြစ်ခဲ့ကြသည်။ 

“သူက အဆုံးထိ တိုက်မှာ၊ သူပြောတဲ့စကားက ဒါပဲ။ မြတောင်စစ်ကြောင်းမှာကတည်းက သူပြောခဲ့တာ။ လက်နက်မကိုင်ခင်ကတည်းက ပြောခဲ့တယ်။ သူ ဒါကြီးကို အပြီးထိ တိုက်မှာ။ တော်လှန်မှာဆိုပြီး” ဟု ပြန်လည်ပြောပြနေချိန်တွင် ဒေါ်စိုးက ငိုကြွေးနေခဲ့သည်။

နေရာမယူ တာဝန်သာယူသူ လုပ်ဖော်ကိုင်ဖက်ကောင်း 

အမြဲခပ်ပြုံးပြုံးနေတတ်သူ၊ ပျော်တတ် နောက်ပြောင်တတ်သူ လူပျိုကြီး ဦးဖိုးဇော်သည် NLD ပါတီ၏ မန္တလေးအနောက်တောင်မြို့နယ် လူငယ်တာဝန်ခံ ဖြစ်ခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအုပ်ချုပ်စဉ်က သံလျှက်မှော်အနောက်ရပ်ကွက်၏ NLD ရပ်ကျေးအလုပ်မှုဆောင်လည်းဖြစ်ခဲ့သည်ဟု ပါတီလုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ ဒေါ်စိုးက ပြောပြသည်။

“ပါတီမှာတုန်းကလည်း ရွေးကောက်ပွဲတုန်းက (မဟာအောင်မြေမြို့နယ်) လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ရုံးအဖွဲ့အနေနဲ့ လုပ်တာ။ ကျန်တဲ့ ဘာနေရာ၊ ဘာရာထူးမှ မယူဘူး။ ဒီအတိုင်း အလွတ်လုပ်တာ” ဟု ဒေါ်စိုးက ပြောသည်။

“သူ့ရည်မှန်းချက်က အမေ (ဒေါ်အောင်ဆန်းစုကြည်) ပဲ။ အမေ့လမ်းစဉ်အတိုင်းပဲ သူလုပ်တယ်။ အမေ့ကိုပဲ သူယုံကြည်တယ်လို့ အမြဲပြောတယ်”

ခင်မင်ရင်းနှီးခဲ့သည့် သက်တမ်းအတွင်း စိတ်ဆိုးဒေါသထွက်သည်ဟု မကြုံဖူးသလောက်ဖြစ်ခဲ့သော်လည်း ဦးဖိုးဇော် ဒေါသထွက်သည့်နေ့တစ်နေ့ ကြုံခဲ့ရဖူးသည်။ ထိုနေ့သည် နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မလုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်သည်။

“အဲဒီနေ့က ဒီကောင် (ဦးဖိုးဇော်) တော်တော်ဒေါသထွက်တာ။ အဲဒီကတည်းက ခံပြင်းပြီး ဒီလိုဘဝဖြစ်သွားတာပဲ” ဟု ဒေါ်စိုးက ဆိုလိုက်သည်။

နိုင်ကျဉ်းဟောင်း ဦးဖိုးဇော်

ဦးဖိုးဇော်၏ နိုင်ငံရေးဖြတ်သန်းမှုသည် ချောချောမွေ့မွေ့မဟုတ်ခဲ့။ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က မန္တလေးတိုင်း လူငယ်တာဝန်ခံတစ်ဦးဖြစ်ခဲ့စဉ် မန္တလေးမြို့ အိုးဘိုထောင်တွင် တစ်နှစ်ကျခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ပါဝင်ခဲ့ပြီး ဒီပဲယင်းမြို့တွင် ယာဉ်တန်းတိုက်ခိုက်ခံရစဉ် အဖမ်းခံရကာ ရွှေဘိုထောင်တွင် ၃ လ နေခဲ့ရသည်။ 

ယင်းနောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကာလတွင်လည်း မန္တလေးအကျဉ်းထောင်တွင် ၃ လ ကျခံခဲ့ရဖူးသည်ဟု ပါတီလုပ်ဖော်ကိုင်ဖက်များက ဆိုကြသည်။

စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြချိန် ဦးဖိုးဇော်သည် လူအင်အား ထောင်ချီသော မန္တလေး၏အကျော်အမော် “မြတောင်” စစ်ကြောင်းတွင် ပါဝင်ခဲ့သည်ဟု ၎င်းနေထိုင်သည့် သံနောက်ရပ်ကွက်မှလူငယ်တစ်ဦးက ဆိုသည်။

“သပိတ်ကိုလည်း နေ့တိုင်း သူ ဦးဆောင်ပြီးထွက်တယ်။ သူဦးဆောင်တဲ့နောက်ကို ကျွန်တော်တို့က လိုက်တယ်။ သူက မြတောင်စစ်ကြောင်းမှာ ဦးဆောင်တာ” ဟု ယင်းလူငယ်က ပြောသည်။

အသက် ၇၀ ကျော်အရွယ် အမေအိုကို လုပ်ကျွေးပြုစုနေသူ ဦးဖိုးဇော်သည် အာဏာမသိမ်းမီက ၎င်း၏ အသက်မွေးဝမ်းကျောင်းအဖြစ် အင်္ကျီတံဆိပ်ရိုက်ဆိုင်လေး ဖွင့်ထားသည်။ ရံဖန်ရံခါ ၎င်း၏ဆိုင်လေးတွင် ရပ်ကွက်အတွင်းမှ လူငယ်များက သွားရောက်ကူညီ စကားလက်ဆုံပြောဖြစ်ကြသည်။

သို့သော် ၎င်းက အာဏာသိမ်းပြီးနောက် ထိုဆိုင်လေးကို ပိတ်ပစ်ခဲ့သည်အထိ တော်လှန်ရေးကို ထဲထဲဝင်ဝင် စိတ်နှစ်၍ လုပ်ခဲ့သည်ဟု ဆိုသည်။

“သူ့ဆိုင်လေးကို သွားလည်ကြရင် သူက ကျွန်တော်တို့ကို အမြဲသွန်သင်တယ်။ ပြောပြတယ်။ သူ့ရဲ့ နိုင်ငံရေးခံယူချက်က NLD မှ NLD ပဲ။ သူက စစ်တပ်ကိုတော့ တအားမုန်းတယ်” ဟု ထိုလူငယ်က ပြန်ပြောင်းပြောပြသည်။ 

လက်နက်ကိုင်ရန် ဆုံးဖြတ်ခဲ့သူ

အာဏာသိမ်းစစ်တပ်က ဆန္ဒပြပွဲများကို ကြမ်းကြမ်းတမ်းတမ်းပစ်ခတ်ဖြိုခွင်းခဲ့သည့် ယမန်နှစ် မတ်လတွင် မြတောင်စစ်ကြောင်းမှ ပစ်ခတ်သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များကို မျက်စိရှေ့တွင် တွေ့လာရသည့် ဦးဖိုးဇော်၏ ခံပြင်းဒေါသထွက်မှုတို့က ကြီးထွားလာခဲ့သည်။ 

ထိုအချိန်တွင် ဦးဖိုးဇော်သည် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ဝရမ်းထုတ်ခံထားရသည်။ စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်သူများကို အမှုဖွင့်ရာတွင် ထိုပုဒ်မကို သုံးလေ့ရှိသည်။  

၎င်းမှာ အဆီပြင်ကျွံသည့်ရောဂါ (Hydrocele) ဖြစ်ခဲ့သည့်အတွက် ၂၀၁၉ ဇူလိုင်လတွင် မန္တလေးပြည်သူ့ဆေးရုံတွင် တက်ရောက်ကာ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်ခဲ့ရဖူးသည်။ အစာအိမ်ရောဂါပြင်းထန်သည့်လက္ခဏာလည်းရှိရာ မကြာခဏ ဗိုက်အောင့်တတ်သည်။ ဆန္ဒပြပွဲများ၌ ပြေးရသည့်အခါများ ကြုံလာချိန်တွင် ထိုရောဂါက ဖောက်လာတတ်သည်ဟု ဆိုသည်။

ယင်းသို့ဆန္ဒပြပွဲများတွင် ပြေးရင်းလွှားရင်း ဆန္ဒပြပြရင်း လအနည်းငယ်ကြာသည့်အခါ ဦးဖိုးဇော်နှင့် ရပ်ကွက်နေ လူငယ်များ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

၂၀၂၁ ဇူလိုင်လခန့်တွင် ယင်းလူငယ်က ဦးဖိုးဇော်နှင့် ပြန်လည်အဆက်အသွယ်ရသည့်အချိန်တွင် ၎င်းသည် မန္တလေးပြောက်ကျားတပ်ဖွဲ့တစ်ခု၏ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်နေသည်ဟု ကြားသိခဲ့ရသည်။

“သူ ဘာလို့ ဒီလက်နက်ကိုင်ဖို့ ဆုံးဖြတ်သွားလဲတော့ ကျွန်တော်တို့ မသိဘူး။ အဆက်အသွယ်ပြန်ရတဲ့အချိန်မှာ သူက UG ခေါင်းဆောင်တစ်ဦးဖြစ်နေပြီ” ဟု ဦးဖိုးဇော်၏မိတ်ဆွေ လူငယ်က ဆိုသည်။

“သူတို့အဖွဲ့ မစ်ရှင်တွေ၊ လုပ်ဆောင်ချက်တွေ မန္တလေးမှာ တော်တော်အောင်မြင်ခဲ့တယ်။ မဟာအောင်မြေအနောက်ပိုင်းမှာ စစ်တပ်က အုပ်ချုပ်ရေးအသက်သွင်းလို့မရအောင်အထိ သူတို့အဖွဲ့က စွမ်းခဲ့တယ်။ ကြမ်းခဲ့တယ်။ အသေးစိတ်ပြောပြဖို့က အဆင်မပြေဘူးဗျ”

လွန်ခဲ့သည့်သုံးလခန့်တွင် စစ်ကောင်စီက မန္တလေးပြောက်ကျားလူငယ်များကို ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးမှုများ ပိုက်စိပ်တိုက်လာချိန်၌ ဦးဖိုးဇော်အပါအဝင် လူငယ်အချို့သည် မန္တလေးကို ခေတ္တစွန့်ခွာခဲ့ကြသည်။ 

၎င်းတို့သည် ရွှေဘို-မုံရွာ လမ်းခွဲ အုန်းတောကျေးရွာ၏မြောက်ဘက်နှစ်မိုင်ခန့်အကွာ ပန်းချီရွာအနောက်ခြမ်း သရက်ခြံတစ်ခုတွင် ခိုအောင်းစတည်းချခဲ့ကြသည်။

ထိုသို့ လုံခြုံသည်ယူဆပြီး ယာယီစခန်းချခဲ့သော ဦးဖိုးဇော်တို့၏စခန်းငယ်လေး ကံဆိုးမိုးမှောင်ကျသည့်နေ့တစ်နေ့ မထင်မှတ်ဘဲ ရောက်ရှိလာခဲ့သည်။

ယင်းနေ့က မေလ ၆ ရက်နေ့ဖြစ်သည်။

ဦးဖိုးဇော်တို့စခန်းသို့ ကူးချည်သန်းချည်ဖြင့် စားနပ်ရိက္ခာထောက်ပို့ကူညီနေသော မဟာအောင်မြေ သံနောက်ရပ်မှ ထောက်ပို့ ငါးဦး စစ်ကောင်စီတပ်၏ ရုတ်တရက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုသတင်းကို အချိန်မီကြားမိပါသော်ငြား ဦးဖိုးဇော်တို့အဖွဲ့သည် အချိန်မီ စခန်းမရွှေ့နိုင်ခဲ့ပေ။

ယင်းနောက် မေ ၁၃ ၊ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီက ဖမ်းဆီးရမိထားသော ထိုသူများကို မျက်လုံး အဝတ်များစည်းကာ ခေါ်လာပြီးနောက် ဦးဖိုးဇော်တို့၏ယာယီစခန်းနေရာကို လိုက်ပြခိုင်းခဲ့ကာ စခန်းကို စီးနင်းခဲ့သည်။

ကားလမ်းပေါက်သော ဦးဖိုးဇော်တို့စတည်းချရာ ယင်းစခန်းကို စစ်ကောင်စီက ရှေ့ပြေးအဖြစ် အာရာဖက်ကားတစ်စီးဖြင့် ဝင်ရောက်လာရာ ရွာဘုန်းကြီးကျောင်းမှ ကားအထင်ဖြင့် ဦးဖိုးဇော်တို့၏ ကင်းတာဝန်ကျရဲဘော်များက အေးအေးလူလူနေခဲ့သည်ဟု ရွာခံများက ဆိုသည်။

အာရာဖက်ကား၏နောက်မှ ပါလာသည့် စစ်ကား ၂ စီး၊ အင်အား ၃၀ ခန့်က စခန်းသို့ ရောက်လျှင်ရောက်ချင်း အလစ်အငိုက် တရစပ် ပစ်ခတ်တော့သည်။

“ပထမ သူတို့ ခံချကြတယ်။ ပြန်ပစ်ကြတယ်။ အင်အားမမျှဘဲ အခြေအနေမဟန်တော့မှ သူတို့ဆုတ်တဲ့အချိန် ပစ်သတ်ခံလိုက်ရတာ” ဟု မျက်မြင်ရွာခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ အလစ်အငိုက်စီးနင်းတိုက်ခိုက်မှုတွင် ဦးဖိုးဇော်အပါအဝင် ၈ ဦး ကျဆုံးခဲ့သည်။ ထိုအထဲတွင် ကိုဇာနည်၊ ကိုဘိုသိန်း၊ ကိုဝဏ္ဏ၊ ကိုလှိုင်၊ မဟော်သဓာဆိုသူ လူငယ်တစ်ဦး ပါဝင်သည်။ ကျန်လူငယ်နှစ်ဦးကို အမည်မသိရပေ။ 

“အားလုံးက ခေါင်းပွင့်ဒဏ်ရာတွေပဲဗျ။ ရက်ရက်စက်စက်ကို လုပ်သွားတာ။ တချို့ဆို လက်နက်ချပြီးမှ အနီးကပ်ပစ်သတ်တဲ့ပုံစံမျိုး” ဟု အထက်ပါ ရွာခံက ပြောသည်။ 

“ဦးဖိုးဇော်က စခန်းအပြင်ဘက်မှာ ကျနေတာ။ သူ ပြေးတော့ပြေးပုံပေါ်တယ်။ အစာအိမ် (ရောဂါ) လည်း ရှိတော့ သူ မပြေးနိုင်ရှာတာ။ ဒဏ်ရာတွေကတော့ ပုံတွေမှာ မြင်တဲ့အတိုင်းပဲ သူ့ရုပ်ကို ဖမ်းမရတော့ဘူး” ဟု ရွာခံအမျိုးသားက ဆိုသည်။

ယင်းစီးနင်းမှုအပြီး စခန်းနှင့် တစ်လမ်းအကွာ သရက်ခြံအတွင်းမှ သိန်း ၄၀၀ ကျော် တန်ဖိုးရှိ လက်နက်အကြီးအငယ်များ၊ တန်ဖိုးကြီးဆိုင်ကယ် ၁၂ စီးတို့ကိုပါ စစ်ကောင်စီက သိမ်းယူခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့နောက် ၃ ရက်အကြာတွင်မှ ရွာခံများက ဝင်ရောက်ကြည့်ရှုပြီး အလောင်းများကို သယ်ဆောင် သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု ဆိုသည်။

“ရွာခံတွေပြောချက်အရတော့ ရှင်တဲ့သူက တစ်ယောက်မှ မရှိတာ။ ဦးဖိုးဇော်တောင်မှ ဓာတ်ပုံထဲမှာ (ရုပ်) ဖမ်းလို့ မရဘူး။ ကြက်ပေါင်ဖိနပ်လေးနဲ့ ခွေခွေလေးသေနေတာ။ NLD ကလူတွေက ဓာတ်ပုံကြည့်ပြီးတော့မှ ဒါ ကိုရဲမှ ကိုရဲဆိုပြီး Confirm (အတည်ပြု) ပေးရတယ်။ အရင်လို ဝဝဖိုင့်ဖိုင့်လေးလည်း မဟုတ်တော့ဘူး” ဟု ဦးဖိုးဇော်၏ ရပ်ကွက်မှ အထက်ပါ မိတ်ဆွေလူငယ်က ပြောသည်။

ကျဆုံးသူ ၈ ဦးထဲတွင် အသက် ၂၀ ခန့်အရွယ် လူငယ်နှစ်ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းတိုက်ပွဲတစ်ခုတွင် ဒဏ်ရာရရာမှ မန္တလေးသို့ ဆေးလာကုရင်း ခရီးတစ်ထောက် ဝင်ရောက်နားခိုသူများဖြစ်သည်ဟု သိရသည်။

“ဝဏ္ဏနဲ့ မဟော်သဓာဆိုတာက မန္တလေးက မဟုတ်ဘူး။ နယ်ဘက်မှာ လှုပ်ရှားနေတဲ့ ကလေးတွေ။ တစ်ယောက်က နားစည်မှာ ဒဏ်ရာရလာတယ်။ အဲဒါဆေးလာကုရင်း ခရီးတစ်ထောက် ဝင်နားတဲ့သဘောပဲ။ ဒဏ်ရာပျောက်ရင် စစ်ကိုင်းဘက်တိုက်ပွဲဆီ ပြန်မယ်ဆိုပြီး။ အခုတော့ မပြန်နိုင်တော့ဘူးပေါ့” ဟု သံနောက်ရပ်ကွက်ဒေသခံ နောက်တစ်ဦးက ပြောပြသည်။

“မနက်ဖြန် ပြန်မယ်ဆိုပြီး ကျွန်တော်နဲ့ စကားတွေ အကြာကြီးပြောဖြစ်ခဲ့တယ်။ နှုတ်ဆက်တဲ့သဘောလား မသိဘူး။ ခုလိုဖြစ်သွားတာ တော်တော်ခံစားရတယ်ဗျာ။ ဒီခံစားမှုကြီးကတော့ မပြောတတ်လောက်အောင်ပါပဲ” ဟု ၎င်းက ဆိုသည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းပြီး ယူကျုံးမရ ခံစားကြရသည်။ စိုက်ပျိုးရေးလုပ်ကိုင်ကြပြီး အေးအေးချမ်းချမ်းရှိခဲ့သည့် ပန်းချီရွာလေးသည် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ယခုအခါ သွေးရောင်လွှမ်းသည့် သွေးစွန်းပန်းချီတစ်ချပ်ဖြစ်ခဲ့ရသည်။

နောင်တစ်ချိန် ထိုပန်းချီရွာလေးတွင် ကျဆုံးခဲ့သော ဦးဖိုးဇော်အပါအဝင် အညတရ ရဲဘော် ၈ ဦးကို မမေ့မလျော့ အောက်မေ့ဂုဏ်ပြုရမည်ဟု စစ်ကောင်စီကို နာနာကြည်းကြည်းကျိန်ဆိုကာ ငိုလျက်ဖြင့် ဦးဖိုးဇော်၏မိတ်ဆွေ ဒေါ်စိုးက ငိုကြွေးရင်း ဆိုလိုက်သည်။

“ဒီကောင်တွေ အမြန်ကျဆုံးပါစေ။ နောက်ပြီး ဖိုးဇော်ကို ဆုတောင်းပေးချင်တာ တစ်ခုတည်းရယ်။ ဒီနိုင်ငံမှာ နောက်ထပ် လူလာမဖြစ်ပါနဲ့တော့” 

(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။) myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s