မီဇိုရမ်ပြည်နယ်၊ လုံလေမြို့တွင်း စစ်ရှောင်စ ခန်းရှိ စာသင်ကျောင်းများတွင် သင်ထောက်ကူပစ္စည်း များလိုအပ်နေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေမြို့တွင်း ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ကလေးငယ်များ အတွက်ဖွင့်လှစ်ထားရှိသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ အရေးပေါ် လိုအပ်နေသည်။
လုံလေမြို့ရှိ ထိုင်ဇောလ်စစ်ရှောင်စခန်းအတွင်း ဘုရားကျောင်းနှင့်တွဲပြီး ဖွင့်လှစ်ထားရှိသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် CDM ဆရာမ ငါးဦးက ဦးဆောင်ကာ သူငယ်တန်း (KG)မှ Grade-7 အထိ ကလေးငယ် ၁၀၀ ကျော်ကို သင်ကြားပေးနေခြင်းဖြစ်သည်။
” ကျွန်တော်တို့လုံလေမြို့မှာရောက်ရှိလာကြတဲ့သူတွေကတော့ မတူပီကျေးရွာတွေကပဲ။ အခု ဒီစစ်ဘေးရှောင်စခန်း ထိုင်ဇောလ်မှာဆိုရင် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ရှိတယ်။ တခြားနေရာတွေမပါဘူးနော်။ ဒီစခန်းတစ်ခုထဲမှာ။ ဒါကြောင့်လည်း ကလေးတွေပညာရေးအတွက် စခန်းဝန်းထဲမှာရှိတဲ့ ဘုရားကျောင်းနဲ့တွဲပြီးတော့ အဆင်ပြေသလို စာသင်ပေးနေရတယ်။ အားလုံးကရွာတွေကနေ ကိုယ်လွှတ်ရုန်းပြီးထွက်ပြေး လာကြတော့ဘာမှ မပါလာကြဘူး။ အခုစာသင်တဲ့အခါမှာ ပုံနှိပ်စာအုပ်၊ စာရေးကိရိယာ၊ ဗလာစာအုပ်တွေ အရေးပေါ်လိုအပ်လာတယ်” ဟု လုံလေမြို့ရှိ စစ်ဘေးရှောင်တစ်ဦးကဆိုသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် ဖွင့်လှစ်ထားရှိသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများသည် မည်သည့်ထောက်ပံ့ကြေးမှ ရရှိခြင်းမရှိဘဲ ရုန်းကန်နေရကြောင်းဆိုသည်။
မိုးတွင်းကာလဖြစ်၍လည်း ငှက်ဖျားရောဂါ၊ ဝမ်းပျက် ဝမ်းလျော ဆေးများနှင့် အခြားဆေးဝါးများ၊ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ အာလူးများအပြင် ခြင်ပေါများသည့်အတွက် ခြင်ထောင်တို့ကိုလည်း လိုအပ်နေကြောင်းသိရသည်။
ထို့အပြင် မတူပီမြို့နယ်အတွင်းရှိ ကစဲ ၊ သီဘော် ၊ ငလိုင် ၊ ခွာငန်း ၊ ကီလှုန်း အပါအဝင် အခြား ရွာပေါင်း ၃၀ ကျော်မှ လူဦးရေ ၄,၀၀၀ နီးပါး မီဇိုရမ်ပြည်နယ်အတွင်းရှိမြို့များတွင် စစ်ဘေးရှောင် နေရသည်။ mizzima