မုံရွာ နမခ မှ ထွက်လာသည့် စကစယာဥ်တန်း အညာပိန္နဲသီးဖြင့် တိုက်ခိုက်ခံရ
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်ငါးစီးနှင့် ရိက္ခာတင်ကုန်ကား နှစ်စီးအား Black Eagle Defence Force-MMU မှ မဟာမိတ်တပ်များနှင့်အတူ မြင်းမူမြို့နယ်တွင်း နေရာ နှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မုံရွာ-မန္တလေးအမြန်လမ်းအတိုင်း ထွက်ခွာလာသည့် အဆိုပါယာဥ်တန်းကို မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာအနီး ပထမအကြိမ် မိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်တွင် အညာပိန္နဲသီး (ခေါ်) ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ လက်လုပ်မိုင်းပါပဲဗျ။ ပြင်းအားက ပေ ၂၀၀ ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ကို ဘယ်ကမှ ချပေးထားတာမရှိပါဘူး၊ လက်လုပ်တွေနဲ့ပဲ စစ်ကောင်စီကို တော်လှန်နေကြရတာပါ။ ပထမ မစ်ရှင်မှာ ပထမကားရဲ့ ဖင်ပိုင်းနဲ့ ဒုတိယကားရဲ့ ခေါင်းပိုင်းကိုထိတာပါ။ ကားတွေကတော့ အရင်လို တစ်စီးနဲ့တစ်စီးက ခြားပြီးသွားတာမဟုတ်ဘူး ကပ်ပြီးမောင်းလာတာ။ ထိတာကတော့ စခ ကားတွေကိုပဲ ရွေးပြီးတိုက်ခိုက်တာဆိုတော့ စစ်ကားတွေပဲ ထိတာပါဗျ” ဟု Black Eagle Defence Force-MMU ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။
ပထမအကြိမ်ဖောက်ခွဲမှုအပြီး ၁၀ မိနစ်ခန့်အကြာ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာကြား အညာပိန္နဲသီး ခြောက်လုံးအား ပွိုင့်နှစ်နေရာခွဲကာ တစ်ပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒုတိယစစ်ဆင်ရေးမှာက ပဒေသာမိုင်း ခြောက်လုံးသုံးထားတာလေ။ သုံးလုံး တစ်ခါ ပွင့်တာဆိုတော့ နှစ်ခု ပွင့်သွားတာပါ။ ဒုတိယမစ်ရှင်မှာက ဒုတိယကားနဲ့ တတိယကား နှစ်စီးထိတာပါ။ သူတို့ကားတွေ ပွိုင့်နေရာအရောက်ကို သေချာကြည့်ပြီးမှ ဆွဲတာဗျ။ ဗီဒီယိုရိုက်တာကတော့ အ ဝေးကနေသပ်သပ်ရိုက်တာပါ။ သူတို့ဘက်က ပြန်ပစ်တာကြောင့် ကျွန်တော်တို့ရဲဘော်တွေ ချက်ချင်းပြန်ဆုတ်လာရတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ချက်ချင်းပြန်ဆုတ်ခွာလာရသဖြင့် နောက်ဆက်တွဲ ထိခိုက် ပျက် စီးမှုအခြေအနေကို မသိရသေးဘဲ စုံစမ်းနေဆဲသာဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယင်းမိုင်းစစ်ဆင်ရေး နှစ်ခုအား Black Eagle Defence Force-MMU၊ မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့၊ People’s Defence Force Myinmu ၊ Myinmu Civil Revolution Force-CRF၊ Myinmu Lightning Guerrilla Force၊ မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်၌ပင် မန္တလေးမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းလည်း ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။ mizzima