မုံရွာ-အရာတော်လမ်းတွင် (၅)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပေါ်တွင် ငါးကြိမ်မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် မှ ခုနစ်ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်တပ်ရင်း(၄) Chindwin Attack Force တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဇွန်လ ၁၆ရက် ယနေ့ ထုတ်ပြန်ထားသည်။
ဇွန်လ ၁၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီအင်အား ၅၀ ခန့်ပါ ရှေ့ပြေးအဖွဲ့နှင့် ကားဖြင့် လိုက်လာသောအဖွဲ့တို့သည် လမ်းဘေးမှဖြန့်ဆင်းပြီး ထနောင်းဝင်းမှမိုင်းရှင်းထွက်ခွာလာစဉ် ရေနံဖို အရှေ့ဖက်၌ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရရာ သုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသွားကြောင်း ဆိုသည်။
နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် ကားလမ်းနံဘေးဝဲယာမှဖြန့်ဆင်းလာသော စစ်ကောင်စီတပ်သားများ အား ဝါးတန်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ပြီး သုံးမိနစ်ခန့်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် ဆိုင်ကယ်ဖြင့်လာသောပြည်သူနှစ်ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖော်ပြထား သည်။
“မုံရွာဖက်ကရော အရာတော်ဖက်ကပါ လာကြတယ်။ ထူးခြားခရီးစဉ်ရှိတယ်တော့ မကြားမိဘူး။ ကျနော် တို့က သူတို့အတွက် မိုင်းတွေကကြိုတင်အဆင်သင့်ပြင်ထားတော့ ကြိုက်တဲ့အချိန်လာ ဆွဲနေမှာပဲ” ဟု သပြေညိုပြောက်ကျားအဖွဲ့တာဝန်ခံက မဇ္စျိမကိုပြောသည်။
ယမန်နေ့ဖြစ်စဉ်၌ အဆိုပါလမ်းပေါ်သို့ ပြည်သူနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ မိုင်းများ ကျန် သေးသော်လည်း ပြည်သူများထိ ခိုက်မည်စိုးသဖြင့် မဆွဲလိုက်ရကြောင်းနှင့် စစ်ကောင်စီလမ်းကြောင်းရှိ လျှင် လမ်းပေါ်အတတ်နိုင်ဆုံးမထွက်ရန်နှင့် ရှောင်ရှားကြပါမှသာ ပြည်သူများမထိခိုက်ဘဲ စစ်ဆင်ရေးပြု လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်က အရာတော်ဘက်မှ မိုင်းရှင်းလင်းရေးထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ၂၂ မိုင် အနီးတွင် ရှေ့ဆုံးမှတက်လာသူနှစ်ဦးအား ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းနေရာသို့ နောက်ထပ်လေးဦးပြေးတက်လာရာ ထပ်မံ မိုင်းခွဲခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့သဖြင့် အနောက်တွင်ရှိသော စစ်ကောင်စီတပ်များ က လက် နက်ငယ်များအပြင် ၄၀မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
နံနက် ၉ နာရီဝန်းကျင်တွင်လည်း ပင်လုံဆီဆိုင်အနီး၌မိုင်းများဖော်နေစဉ် စစ်ကောင်စီတပ်ဖွဲ့များလက်သို့ မိုင်းများရောက်ရှိပြီးနောက် ပေါက်ကွဲသွားခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း မျက်မြင် တွေ့ရှိသူများကပြောကြားကြောင်းဆိုသည်။
၎င်းအပြင် နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန်က ၂၂ မိုင်အနီးရှိ မိုင်းဆွဲခံရသောနေရာတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအားလိုက်လံရှာဖွေရင်း ပြည်သူများ၏ကားများကို တားဆီးစစ်ဆေးနေသော စစ်ကောင်စီ တပ်ဖွဲ့အား လက်လုပ် ၆၀ မမ သုံးလုံးဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက်စာရင်းကိုမူ သိရှိရခြင်းမရှိကြောင်း ဖော်ပြထားသည်။
ယင်းစစ်ဆင်ရေးများကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force ၊ Ayadaw Bone Naing (A.B.N.PDF)၊ AMT မြေပြင်ပြောက်ကျား တပ်ဖွဲ့၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ ၊ Excellent Flag ၊ MRTF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ mizzima