သရက်မြို့တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း စစ်ကောင်စီ ကန့်သတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း စီးနင်းခွင့်မရှိကြောင်း အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ ကန့်သတ်မိန့် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ပြောသည်။
မြို့နယ်အတွင်းရှိ၊ စစ်ကောင်စီတပ် အစောင့်ကင်းစခန်းများနှင့် ဂိတ်စခန်းများသည် ဆိုင်ကယ်စီးအမျိုးသားများ၏ ပစ်ခတ်တိုက်ခိုက်မှုကို ကြုံတွေ့နေကြရသည် ဟုဆိုကာ စစ်ကောင်စီဘက်က ယခုလို ကန့်သတ်မိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“အများအားဖြင့် မော်တော်ဆိုင်ကယ်အား အမျိုးသားနှစ်ဦးစီးနင်း အသုံးပြု၍ တစ်ဦးက ဆိုင်ကယ်မောင်းနှင်ပေးပြီး ကျန်တစ်ဦးမှ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်” ဟု စစ်ကောင်စီ၏ ကန့်သတ်စာတွင် ရေးသားထားသည်။
သရက်မြို့ ဒေသခံတစ်ဦးကမူ စစ်ကောင်စီဘက်က အကြောက်လွန်ပြီး အဓိပ္ပါယ်မရှိသည့် အမိန့်များကို ထုတ်ပြန်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“အခုလို PDF တွေ တော်လှန်ရေး သမားတွေက ဆိုင်ကယ်သုံးလို့ဆိုပြီး စစ်ကောင်စီဘက်က အကြောက်လွန်ပြီး အဓိပ္ပါယ်မရှိ အမိန့်တွေ လျှောက်ထုတ်ပြန်နေတာပါ” ဟု သရက်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
သရက်မြို့နယ်က ဒေသခံများသည် ဆိုင်ကယ်ကို အဓိကအသုံးပြု သွားလာနေကြခြင်းကြောင့် ယခုကဲ့သို စစ်ကောင်စီ၏ ကန့်သတ်မှုသည် ဒေသခံများအတွက် များစွာအခက်အခဲဖြစ်စေကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ ကန့်သတ်မိန့်သည် ဇွန်လ ၁၆ ရက်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး ဆန္ဒပြ လှုပ်ရှားသူများကို အကြမ်းဖက်ဖြိုခွင်း ပစ်သတ်ခဲ့သော စစ်ကောင်စီတပ်ကို ခုခံသည့်အနေဖြင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် မြို့ပြ ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို ပြုလုပ်နေကြသည်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက သန်လျင်မြို့နယ်၊ ကော့မှူးမြို့နယ်၊ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း စစ်ကောင်စီက ပိတ်ပင်ထားပြီးနောက် သရက်မြို့နယ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဆိုသည့် ကန့်သတ်မိန့်ကို ထပ်မံထုတ်ပြန်လာခြင်း ဖြစ်သည်။ mizzima