Monthly Archives: Jun 2022

ယင်းမာပင်ခရိုင်တွင် NUG အစိုးရမှ ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေး ဝန်းကြီးဌာနမှ ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား ယနေ့ ဇွန်လ ၁၈ ရက်တွင် ကျင်းပခဲ့သည်။

ယင်းမာပင်ခရိုင် တပ်ရင်း (၁) ဦးစီးပြီး ပညာသင်ကြားခွင့်မရသော စစ်ဘေးရှောင် ကလေးသူငယ်များအား NUG ချမှတ်ထားသော ကြားကာ လ ပညာရေးမူအတိုင်း သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါကျောင်းတွင် မူလတန်းမှ အလယ်တန်းအဆင့်အထိ ပညာသင်ကြားပေးနေပြီး ဆရာ၊ ဆရာမ ၂၁ ဦးကကျောင်းသား၊ ကျောင်းသူ ၉၁ ဦး ကို စာသင်ပေး နေခြင်းဖြစ်သည်။

အထက်ပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ၊ ဆရာနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ကျင်းပခဲ့သော ပြိုင်ပွဲများမှဆုရသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင်ခဲ့ကြကာ တေးသရုပ်ဖော် အကအစီစဉ်များလည်းပါဝင်ခဲ့ကြောင်း တက်ရောက်ခဲ့သူတစ်ဦး ထံက သိရသည်။ mizzima

ပုဏ္ဏားကျွန်းတွင် လူ ၁၀ ဦးထက်မနည်းကို စစ်တပ်က ဝင်ဖမ်း

ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့တွင် နယ်ဘက်မှ စျေးဝယ်လာသူတချို့အပါအဝင် လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က အင်အားသုံးကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဇွန် ၁၆ ရက်၊ မြို့လယ်တွင် စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသောကြောင့် ဒေသအတွင်း ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ယနေ့ စျေးများပြန်ဖွင့်ရာတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အင်အား ၅၀ ၊ ၆၀ ခန့် ဝန်းကျင်ဖြင့် စစ်သားများက မြို့မဈေးအနီးနှင့် မြို့အတွင်း ဝင်ရောက်လာကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။ 

“ဒီမနက် ၉ နာရီခွဲလောက်က အေးစေတီနားမှာ ကျွန်တော်မြင်ခဲ့တာက ဘေးတွဲသမား(အငှားယာဉ်မောင်း) တွေကို မြင်ခဲ့ရတယ်။ ကွမ်းရောင်းနေတဲ့သူတစ်ယောက်လည်း မြင်ခဲ့ရတယ်။ လက်ပြန်ကြိုးတုပ်ထားတာက နှစ်ယောက်လောက် မြင်ခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မျက်မြင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများတွင် နယ်ဘက်မှ စျေးဝယ်လာသူများ၊ ဘေးတွဲအငှားယာဉ်မောင်းများနှင့် မြို့ခံတစ်ချို့လည်း ပါဝင်ကြောင်း၊ ခန့်မှန်း လူ ၁၀ ထက်မနည်း ဖမ်းဆီးခံရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းဆီးခံထားရတာ အားလုံးစုစုပေါင်းက ၁၀ အထက်တော့ ပါဖို့ ခန့်မှန်းပါတယ်။ နယ်ကလာတဲ့လူတွေလည်း ပါတယ်။ မြို့ခံတွေလည်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စျေးလာဝယ်တဲ့လူတွေလည်း ရှိတာကိုး။ သူတို့က (စစ်တပ်) မြင်သမျှကို ဖမ်းနေကြတာပါ” 

ထိုသို့ဖမ်းဆီးခံရမှုကြောင့် နံနက်က ပြန်ဖွင့်လိုက်သော ပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေးကိုလည်း ပိတ်လိုက်ရပြီး နေအိမ်များကို အချိန်မရွေး ဝင်စစ်ဆေးနိုင်သည့်အတွက် မြို့ခံများက စိုးရိမ်နေကြသည်။

“လက်ရှိအခြေအနေက လူတွေက အားလုံး အိမ်ထဲမှာပဲ နေကြတယ်။ တစ်ယောက်မှ အပြင်မသွားရဲကြပါ။ စျေးက ဟိုနေ့ကလည်း ပိတ်တယ်။ မနေ့ကလည်း ပိတ်တယ်။ ဒီနေ့က ခဏလေးဖွင့်ခဲ့ကြတယ်။ အခြေအနေ နည်းနည်းငြိမ်နေတယ်ဆိုပြီး ဖွင့်ကြတာ ထင်ပါတယ်” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“ဆိုတော့ ခဏလေးနေတာနဲ့ သူတို့ (စစ်တပ်) ရောက်လာပြီးတော့ ဒီလိုအခြေအနေဖြစ်သွားတာပါ။ ဒီနေ့တော့ စျေးကို လုံးဝ ဖွင့်ဖို့အစီအစဉ်လည်း ရှိမှာမဟုတ်တော့ဘူး” ဟု ထိုလူက ဆိုသည်။ 

ပုဏ္ဏားကျွန်းမြို့ပေါ် ခြေမြန်တပ်ရင်း ခမရ ၅၅၀ တပ်ရင်းမှ စျေးဝယ်လာသည့် စစ်သားနှစ်ဦးကို ဇွန် ၁၆ ရက် မွန်းလွဲတွင် AA တပ်ဖွဲ့ဝင် ၆ ဦးခန့်က ဝင်ရောက်ဖမ်းဆီးရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ ကျန်တစ်ဦးမှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ 

ထို့နောက် ပုဏ္ဏားကျွန်းမြို့ကို အဝင်အထွက်များ ပိတ်ဆို့ပြီး စစ်ကောင်စီတပ်က ရှာဖွေမှုများပြုလုပ်ခဲ့ကြကာ မြို့ တွင်း သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများ၏အဆိုအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့မဈေးနှင့် ဟင်းသီးဟင်းရွက်ဈေးတို့တွင် အနီးအနားတစ်ဝိုက်မှ ရွာများ၊ ဒေသများမှ လာရောက် ဈေးဝယ်ကြရသော အဓိကနေရာတစ်ခုဖြစ်ပြီး စိုးရိမ်မှုကြောင့် ပိတ်ထားရာမှ ယနေ့ ပြန်ဖွင့်၍ လူစည်ကားနေချိန်၌ စစ်ကောင်စီတပ်က မြို့တွင်း ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။ 

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်အထိ မြို့တွင်း တိတ်ဆိတ်နေပြီး စာသင်ကျောင်းများ၊ စျေးဆိုင်ခန်းများကိုလည်း ပိတ်ထားကြကြောင်း မြို့ခံများထံမှ သိရသည်။

ဝရာဇ်မြီလက်ဖက်ရည်ဆိုင်တွင်လည်း မြို့ခံ ၇ ဦးခန့်ကို ထပ်မံဖမ်းဆီးထားပြီး မှတ်ပုံတင်ပါသူများကို ပြန်လွှတ်ပေးကာ မပါသူများကို ထိုင်ခိုင်းထားကြောင်း တခြားမျက်မြင်အမျိုးသားတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်မှာလည်း စစချင်း မှတ်ပုံတင်ပါတဲ့လူတွေကို လွှတ်ပေးပြီးတော့ မပါတဲ့လူတွေကို အခုထိ ထိုင်ခိုင်းထားပါတယ်။ အခု မှတ် ပုံတင်လာပေးထားရင်တောင် မလွှတ်ပေးသေးဘူး” ဟု ထိုမြို့ခံအမျိုးသားက ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး ဒေသတွင်း စစ်ပွဲများ ပြင်းထန်ခဲ့စဉ်ကကဲ့သို့ ဒေသခံပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးမှုများကို တစ်ကျော့ပြန်လုပ်ဆောင်လာနေ‌ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

AA ဘက်ကလည်း ၎င်းတို့လူများကို စစ်တပ်က မေလနှင့် ဇွန်လအတွင်း ဖမ်းဆီးထားသောကြောင့် လက်တုံ့ပြန်ဖမ်းဆီးမှုလုပ်ခဲ့ကြောင်း ကျောက်တော်မြို့မှ စစ်သားနှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတိအလင်း ပြောဆိုထားသည်။  myanmar now

ယင်းမာပင်၊ ကျေးစာကျရွာကို စစ်တပ်က ဝင်စီး ပြည်သူ ၃ ဦး ဖမ်းဆီးခံရပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးစာကျရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးပြီးနောက် ကျေးရွာနေပြည်သူ ဦးမြသိန်းနှင့် လူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနေ့ မွန်းလွဲပိုင်းလောက်က စစ်ကောင်စီ တပ်တွေ ကျေးစာကျရွာကို ဝင်စီးပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီးတော့ အိမ်ရှင် ဦးမြသိန်းနဲ့ လမ်းမှာ တွေတဲ့ လူငယ် နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်။ လူငယ် နှစ်ဦးကတော့ အမည် မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

မကွေးတိုင်းအတွင်း တိုက်ပွဲများပြင်းထန်ဖြစ် ပွားပြီး စစ်ကောင်စီတပ်များ သေဆုံး၊ ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ  ဇွန် ၁၈ ရက်မနက်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF ကနေ သိရပါတယ်။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ ကြပြီး စစ်ကောင်စီတပ်သား သုံးယောက်သေဆုံး နှစ်ယောက် ဒဏ်ရာရရှိတယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်း၊ ပဒေသာမိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဘက်‌ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး”လို့ ဂန့်ဂေါ PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

ဇွန် ၁၇ ရက်ကလည်း အဲဒီစစ်ကြောင်းနဲ့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေအကြား  တိုက်ပွဲဖြစ်ပွားခဲ့ကာ  စစ်ကောင်စီဘက်က သုံးယောက် ဒဏ်ရာရရှိသွားတယ်လို့ ဂန့်ဂေါ PDF ထံက သိရပါတယ်

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဇွန် ၁၈ ရက် ဒီနေ့ မနက်ပိုင်းက ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကိုင်တောမ ရဲကင်းစခန်းက ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ငါးယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်-PDF တပ်ရင်း(၁) ကနေသိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲကင်းစခန်းက ရဲခြောက်ယောက်က ဒီမနက် ၉ နာရီလောက်မှာ ဆိုင်ကယ် သုံးစီးနဲ့ ပေပင်တိုက်ရွာလမ်းဆုံနဲ့ ကျောက်တိုင်ရွာလမ်းတွေကို စစ်ဆေးပြီး အပြန်မှာ မြိုင်-PDF တပ်ရင်း(၁)နဲ့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်-PDF တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီ ရဲ(…) ခြောက်ယောက်ကို ကျနော်တို့ဘက်က မိုင်းစောင့်နေတဲ့ ရဲဘော်တွေက မိုင်း နှစ်လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့တာဗျ။ ရဲ(…) ခြောက်ယောက်အနက် ငါးယောက်သေဆုံးပြီး တယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့လို့  PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်က စစ်ကူတွေဝင်လာနိုင်တာကြောင့် လက်နက်ခဲယမ်းတွေနဲ့ ပစ္စည်းတွေကိုတော့ သိမ်းယူတာတွေ မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဇွန်လ ၁၅ ရက်မနက်ပိုင်းက တာဝေးပစ် ရှော့တိုက်လက်နက်ကြီးနဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ ဆယ်ဂဏန်းလောက်ရှိတယ်လို့ ဂျိုင်းကြား လက်နက်ကြီးတပ်ဖွဲ့ ရဲ့ တာဝန်ခံရဲဘော်တင်မောင်က ပြောပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့အတွင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့တိုက်ခိုက်မှုဖြစ်စဉ်  သုံးခုရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ  တယောက်သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့   ရေစကြို PDF ကနေသိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဇွန် ၁၇ ရက် မနက် ၇ နာရီက မ.ဘ.သ ခေါင်းဆောင် ရှင်မတောင်ဆရာတော်ကို လုံခြုံရေးယူပေးနေတဲ့ ပခန်းကြီးရဲစခန်းကရဲတွေနဲ့  စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့ဟာ ရှင်မတောင်ဘက်ကနေ တောင်အိုကျေးရွာဘက်ကို ကားနဲ့ ဦးတည်မောင်းနှင်လာစဥ် ချင်းယားကုန်းကျေးရွာနားအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း အပါအဝင် ၁၀ ယောက်လောက် လိုက်ပါလာတဲ့အနက် လေးယောက် မစိုးရိမ်ရ ဒဏ်ရရခဲ့ပြီး သုံးယောက် ဒဏ်ရာအပြင်းထန်ခဲ့ကာ ကားနောက်ပိုင်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အလားတူ ဒီမနက် ၁၀ နာရီလောက်ကလည်း ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်ရှိ ခလရ (၂၅၈)သို့ ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း ဦးတည် မောင်းနှင်လာတဲ့စစ်ကောင်စီ ယာဥ်တန်းကို ကြီးကံအုပ်စု မိုက်ပင်ကုန်းကျေးရွာအနီးမှာ လေးလုံးတွဲ ပဒေသာနဲ့တိုက်ခိုက်ခဲ့တာကြောင့် တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ ကား နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေစကြို PDF ကနေသိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာတော့ ရေစကြိုမြို့အတွင်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ Hijet ကားနဲ့ မြို့အပြင်သို့ထွက်လာစဥ် ဆက်သွယ်ရေးရုံးအနီးမှာ မိုင်းတလုံးခွဲပြီး တိုက်ခိုက်ခဲ့ရလို့ တယောက်သေဆုံးကာ နှစ်ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့  YESAGYO PDF ကထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Yesagyo PDF၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက် ) PDF -Myaing Townshipတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေသေဆုံး ဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို  စစ်ကောင်စီပြန်ကြားရေးကလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို တခါမှ ဝန်ခံ သတင်းထုတ်ပြန်တာမရှိပါဘူး။  DVB

ယင်းမာပင်မြို့နယ်ရှိ ကျေးစာကျရွာအား စစ်ကောင်စီတပ် မီးတင်ရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးစာကျကျေးရွာအား စစ်ကောင်စီ တပ်များက ယနေ့ ဇွန်လ ၁၈ ရက် နံနက်တွင် မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

“ ယမားတံတားအနီးက ကျေးစာကျရွာတော့ မီးတင်နေပြီဗျ။ ယင်းမာပင်မြို့ကို ရောက်နေတဲ့ ကားတန်းကို လုံခြုံရေးယူဖို့ရောက်နေတဲ့တဲ့ ခွေး (စစ်ကောင်စီတပ်) တွေက ရှို့နေတာ ” ဟု ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုသိမ် – မုံရွာလမ်းတစ်လျှောက်နှင့် ယင်းမာပင် – ပုလဲ လမ်း တစ်လျှောက်တွင် အင်အားအပြည့်ဖြင့် လုံခြုံရေးယူထားပြီး ချင်းပြည်နယ်ဘက်မှ ဆင်းလာသည့် ယာဉ်တန်းအတွက် လုံခြုံရေးယူထားခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များမှာ ကျေးစာကျရွာသို့ ဇွန်လ ၁၅ ရက်မှ စတင်ဝင်ရောက်လာပြီး ယနေ့ ဇွန်လ ၁၈ ရက် နံနက်တွင် ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွါးခြင်း မရှိခဲ့ကြောင်း သိရသည်။

မီးလောင်ပျက်စီးဆုံးရှုံးမှု အသေးစိတ်အား မသိရှိရသေးကြောင်းနှင့် ကျေးရွာနေ ပြည်သူအချို့ အဖမ်းခံထားရကြောင်းကိုလည်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက် ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ယင်းမာပင် – ညောင်ပင်ကြီးလမ်းပိုင်းရှိ စစ်ကောင်စီယာဉ်တန်းများ ရှေ့ဆက် မထွက်ခွာနိုင်သေးဘဲ ဇွန်လ ၁၇ ရက် နံနက်ပိုင်း ယင်းမာပင်မှ ထွက်ခွာလာသော ရှေ့ပြေးယာဉ်တန်း ၁၀ စီး ခန့်သည် ဖိုလ်ဝင်တောင်လမ်းကြောတွင် ဆက်လက်ရှိနေသေးကြောင်း သိရသည်။

အလားတူ ခြေလျင်ဖြန့်ဆင်း၍ မိုင်းရှင်းလင်းနေသော စစ်ကောင်စီတပ်များသည် လမ်းဘေး ဝဲယာသို့ လက်နက်ကြီး၊ ငယ်များနှင့် ပစ်ခတ်လျက်ရှိပြီး မြို့ထဲတွင်လည်း စစ်ကား အစီးရေ ၉၀ ကျော် ကျန်ရှိနေသေးကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။ mizzima

ကာလိုင်ဇွပ်အောင်စစ်ရှောင်ပြည်သူများ ထပ်မံရှောင်တိမ်းရပြီး အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ဇွပ်အောင်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေ ဇွန် ၁၇ ရက်က လက်နက်ကြီးကျရောက် ပေါက်ကွဲ သေဆုံးမှုတွေ ရှိလာတာကြောင့် အနီးနား ရွာဘက်နဲ့ ကွတ်ခိုင်ဘက် ထပ်မံ ရှောင်တိမ်းရပြီး အရေးပေါ် ဆေးဝါး၊ မိုးကာ၊ ဓာတ်မီးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

စစ်ရှောင် ပြည်သူတဦးက “တချို့ ကွတ်ခိုင် မနောကွင်းမှာ ရှောင်ကြတယ်။ တချို့က ဒေါင်လုန်ရွာ၊ စစ်ရှောင်စခန်းနဲ့ နီးတဲ့ရွာမှာ။ တချို့ကဒီမှာပဲ။ သာသနာ့ ဝန်ထမ်းတွေနဲ့ တချို့က ဒီမှာ အလောင်းတွေရှိနေတော့ ရှောင်လို့ မရသေးဘူး။” လို့ပြောပါတယ်။

ဆေးဝါးပစ္စည်းတွေ၊ အမိုးနဲ့ မီး အလင်းအတွက် အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

“ခုက ဆေးဝါးပစ္စည်းနဲ့ မိုးကာတွေ၊ ဓာတ်မီးတွေ အရေးပေါ် လိုအပ်နေတယ်။ မီးဖွားခါစ တလ မပြည့်သေးတဲ့ မီးနေသည်တွေရော၊ ကလေးတွေရော၊ မိခင်တွေရော ဖျားနေကြတယ်။ မိုးရွာထဲ ထွက်ပြေးရတော့။” လို့ စစ်ဘေးရှောင် တဦးကပြောပါတယ်။

စစ်ရှောင်စခန်းအနီးက ဒေါင်လုန်ရွာမှာ လူဦးရေ ၄၀၀ ကျော် ရှောင်တိမ်းကြပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုတော့ ကွတ်ခိုင်မနော်ကွင်းမှာ လူမှုကူညီရေး အသင်းတွေက သွားရောက် ကြိုပို့ခဲ့ပြီး တချို့ကိုတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ အကူညီတောင်း နေရာချထားပေးခဲ့ကြောင်း အကူညီ ပေးသူတွေ ဆီက သိရပါတယ်။ 

ဒေါင်လုန် ဘက်ကမ်းမှာ ၄၀၀ ကျော်။ ကွတ်ခိုင်ဘက်မှာ ၂၉၃ ဦး  လက်ရှိ ကူညီပေးနေတဲ့ ဆရာ တဦးက ပြောပါတယ်။

ဇွန်လ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကွတ်ခိုင်စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းထဲ ကျရောက်ပေါက်ကွဲကာ မူကြိုဆရာမ တယောက်နဲ့ သူ့ရဲ့ မိခင်တို့ ပွဲချင်းပြီး သေဆုံးကာ  အမျိုးသား နှစ်ဦး လက် နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဇွန် ၁၅ ရက်ကစပြီး ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ K.I.‌A, PDF ပူးပေါင်းအဖွဲ့တို့အကြား  ၃ ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိထိစစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ 

အဲဒီဒေသမှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တွေ၊ ကိုးကန့် MNDAA, TNLA, K.I.A, PDF နဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေ လှုပ်ရှားသွားလာရာ နေရာဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်း ဖြစ်ပါတယ်။DVB

ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ အနီးတွင် ပတ်ကင်းလှည့်လည် နေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီ ခန့်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံး ကာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အ ထိအခိုက်မရှိကြောင်း KLG PDF တာဝန်ရှိသူထံက သိရသည်။

” ဘန့်ဘွေးကျေးရွာမှာ ခန့်မှန်း စစ်အင်အားက ၇၀ လောက်ရှိတယ်။ ကင်းလှည့် ထွက်လာတာကတော့ ၁၅ ယောက် ရှိမယ်ဗျ။ အဲ့ဒီ ကင်းလှည့်ထွက်လာတဲ့ စစ်သား တွေကို ပထမဆုံး မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ လက်နက်ကြီး ၊ လက်နက် ငယ်တွေနဲ့ မိနစ် ၂၀ လောက်ပစ်ခတ် ထိတွေ့မှု ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သား ငါး ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့တယ်” ဟု KLG PDF မှ ရဲဘော် AT က ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် KLG (PDF) ၊ ချိုမိုင်မိုင် အဖွဲ့နှင့် ဒေသတွင်း မဟာမိတ်များ ပူးပေါင်း တိုက် ခိုက်ခဲ့ကြောင်း သိရသည် ။

စစ်ကောင်စီတပ်က ဘန့်ဘွေးကျေးရွာ ကို ဇွန်လ ၁၇ ရက်နေ့က စစ်အင်အား ထပ်မံ တိုးချဲ့ထားပြီး ပြည်သူများထံမှ အဆမတန် အခွန်ကောက်ခံနေကြောင်း သိရသည်။

ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ လေးလ ခန့်ရှိနေပြီး ကျေးရွာနေ ပြည်သူဦးရေ ၁,၀၀၀ ခန့်မှာ စစ်ရှောင်နေရကြောင်း သိရသည် ။ စစ်ရှောင်ကာလ ကြာမြင့်နေသည့် ဘန့်ဘွေးကျေးရွာရှိ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများစွာရှိနေကြာင်း စစ်ရှောင်ဒေသခံများထံက သိရသည်။ mizzima

The PDF Game Paid ဗားရှင်းထွက်ပြီး ၅ ရက်အတွင်း အရောင်းရဆုံးစာရင်း နံပတ် ၂ အဆင့်သို့ ရောက်ရှိ

ပြည်တွင်း ပြည်ပရှိ တော်လှန်ရေးလူငယ် IT နည်းပညာရှင်တွေ တီထွင်ထားတဲ့ The PDF Game ဟာ Paid ဗားရှင်း အနေနဲ့ ထပ်ထွက်ရှိထားပြီး ထွက်ပြီးချင်း နာရီပိုင်းအတွင်းမှာ Apple ရဲ့ အဓိက အကျဆုံး US၊ SG၊ AU စတဲ့ နိုင်ငံတွေမှာ နေ့စဉ် အရောင်းရဆုံးစာရင်း  နံပတ် ၂ နေရာမှာ ရောက်ရှိနေပါတယ်။

The PDF Game မှတာဝန်ရှိသူ ဆရာတွပ်က “အခုဆို ကမ္ဘာ့ နံပတ် ၂ နေရာမှာဖြစ်နေပါတယ်။ The PDF Game Paid ဗားရှင်းကို ဂိမ်းအား လုံးရဲ့ နံပတ် ၁ ဖြစ်ဖို့ ကလစ်ကာတွေ ကြိုးစားနေကြပါတယ်။ $0.99 တန်ဖိုးနဲ့ ဝယ်ယူအားပေးသူပေါင်း 4 ရက်အတွင်း လူ တစ်သောင်းနီးပါးရှိသလို၊ ဂိမ်းထဲမှာလဲ ကျည်ကို ပိုက်ဆံပေးပြီး ဝယ်ယူတာ မြန်မာငွေ သိန်း 300 ဖိုး နီးပါးရှိပါပြီ။ အိုင်ဖုန်း ရှိပြီး မဝယ်ရသေးသူ  တော်တော်များများက ဝယ်ချင်ပေမယ့် Paid ဗားရှင်း မဝယ်ဖူးတော့ အခက်အခဲ လေးတွေရှိနေကြပါတယ်။ တချို့ကလည်း ဘယ်လို ငွေဖြည့်ရမလဲ မသိဘူး။ တချို့က ငွေဖြည့်တဲ့ itune gift card ကို ပိုက်ဆံအကုန်ခံဝယ်ပြီးမှ information တွေ ရိုက်ပေမယ့် မရဘူး။ တချို့က ဝယ်တဲ့ itune gift card နဲ့ ဝယ်တဲ့ store ရဲ့ နိုင်ငံ မကိုက်ဖူး စသည်ဖြင့် ကြုံတွေ့နေကြရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

တချို့အခက်အခဲတွေက ပလေယာတွေအပြစ်မဟုတ်ပဲ၊ Apple ရဲ့ တချို့ system တွေက IT သမားတွေတောင် စိတ်ညစ်လောက်အောင် step များတတ်တာကြောင့်ဖြစ်ပါတယ်။ အခုလို တော်လှန်ရေးအတွက် ခက်ခက်ခဲခဲကြိုးစားကြပေးလို့ လေးစားမိပါတယ်။ အခက်အခဲတွေကို ဖြေရှင်းဖို့ Facebook group တစ်ခု ဖန်တီးပြီး ပုံတွေ၊ စာတွေနဲ့ရှင်းပြတာ၊ user အချင်းချင်း ကူညီပြသတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Paid ဂိမ်း ထွက်ပြီးနောက်နေ့စဉ် သိန်းရာကျော် ဝင်ငွေပြန်ဖြစ်သွားပါတယ်။ ဒါဟာ  စာရင်းအရ ဝင်ငွေသာဖြစ်ပြီး တကယ် ထုတ်ယူနိုင်ဖို့ အချိန် ၂ လခန့် စောင့်ရမယ်လို့ သိရပါတယ်။

The PDF Game မှ ဝင်ငွေတွေကို မေလမှာ စတင်ရရှိလာပြီး ဝင်ငွေတွေကို ထောက်ပို့အနေနဲ့ Artstrike  တခြား အနုပညာနဲ့ ဆက်နွှယ်တဲ့ တော်လှန်ရေးအဖွဲ့တွေကနေ တဆင့်ပေးပို့မှုပေါင်း သိန်း ၁၅၀၊  မိုင်ခရီး ( တလရ ထောက်ပို့ fundraiser) က တဆင့် ကျပ် ၇၅ သိန်း နဲ့ ဒီလ အတွက် ၇၅ သိန်းကိုလည်း ထပ်မံထောက်ပို့ ပေးဖို့ ရှိသလို The PDF Game ကနေ Cobra column အဖွဲ့ အပါအဝင် တခြားအဖွဲ့တွေကို တိုက်ရိုက် ထောက်ပံ့ပေးတာ  ကျပ်သိန်း ၁၀၀ ရှိသွားပါပြီလို့ ဆရာတွပ်က ပြောပါတယ်။

ပြည်ပနိုင်ငံတွေနဲ့  နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုက သိပ်မရရှိသေးတာကြောင့်  နိုင်ငံတကာ သတင်းဌာနတွေမှာ သတင်းပါဖို့ ဆောင်ရွက်နေသလို၊ Apple ရဲ့ feature game list မှာလည်း ပါဝင်နိုင်အောင် လျှောက်ထားတယ်လို့ သိရပါတယ်။ 

The PDF Game ဟာ တရားဝင် စတင်ထွက်ရှိလာပြီးနောက် ပြည်တွင်းပြည်ပ တော်လှန်ရေး လူငယ်တွေကြားမှာ ရေပန်းစားနေပြီး Free ဆော့ကာ ကျည်ဆန်တွေကို ကြော်ငြာကြည့်ပြီးရှာတဲ့ ပုံစံ နဲ့ Paid ဗားရှင်းမှာ ကျည်တွေကို  ပိုက်ဆံပေးပြီးဆော့ရတဲ့ ပုံစုံဆိုပြီး ၂ မျိုး ရှိတာပါ။ 

မြန်မာပြည်တွင်းမှာနေထိုင်တဲ့ The PDF Game ပလေယာ တစ်ဦးက ” ဂိမ်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဂိမ်းထဲမှာ မစ်ရှင်တွေလုပ်ရတာ မြေပြင်မှာ မစ်ရှင်လုပ်ရသလိုပါပဲ။ တခြားလူတွေလို တောထဲလည်း မသွားနိုင်တော့ နိုင်တဲ့ ဘက်က လှူလို့ရတာတွေ အကုန် လုပ်ပေးပါတယ်။ အဓိက တော့ လှူချင်လို့ ဆော့တာပါ။ အမြဲလည်း ကလစ်ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်လို့ရပါတယ်။ ၁ ဒေါ်လာကို ကျည် အတောင့် ၅၀၀၀ ရတယ်။ ကိုယ်ပစ်ရင်ပစ်သလောက် ကျည်ကုန်တာပေါ့။ gift card ဖြည့်တဲ့ နေရာမှာ အနည်းငယ် အခက်အခဲရှိနေကြတယ်”လို့ ပြောပါတယ်။ 

The PDF Game ဟာ တရားဝင် စတင်ထွက်ရှိလာပြီးနောက် ပြည်တွင်းပြည်ပ တော်လှန်ရေး လူငယ်တွေကြားမှာ ရေပန်းစားနေပြီး Free ဆော့ကာ ကျည်ဆန်တွေ ကြော်ငြာကြည့်ပြီးရှာတဲ့ ပုံစံ နဲ့ Paid ဗားရှင်းမှာ ကျည်တွေကို ပိုက်ဆံပေးပြီးဆော့ရတဲ့ ပုံစုံဆိုပြီး နှစ်မျိုး ဆော့ကစားလို့ ရပါတယ်။ DVB

« Older Entries