စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပိုငွေပြခဲ့ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို

မြန်မာပြည်ရဲ့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး  ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့်  စစ်ကောင်စီတာ၀န်ယူချိန်မှာ ကုန်သွယ်မှုပိုငွေ ဖြစ်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇွန် ၁၇ ရက်နေ့မှာ ပြောပါတယ်။ 


ဒါ့အပြင် အစိုးရသက်တမ်းနှစ်ခုမှာ ကုန်သွယ်မှုလိုငွေတွေ ရှိခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။  စစ်ခေါင်းဆောင်ပြောကြားတဲ့အချက်အလက်တွေဟာ ဘယ်လောက် မှန်ကန်မှုရှိလဲဆိုတာ မသိရသေးသလို နယ်စပ်တွေမှာရှိတဲ့ တရားဝင် ဂိတ်တွေနဲ့ တရားမဝင်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေတင်သွင်းတဲ့ တန်ဖိုးတွေကိုတော့ ထည့်သွင်းတွက်ချက်တာ ရှိမရှိ မသိရပါဘူး။


ကုန်သွယ်မှုပိုငွေ ဖြစ်လာတဲ့အပေါ်  စစ်အုပ်စုဘက်က အခုလို ဂုဏ်ယူပြောကြားလေ့ရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်မှုပိုငွေ ဖြစ်လာရတာက  ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ လျှော့ကျသွားလို့ ဖြစ်ကြောင်း စီးပွားရေးသုတေသီတွေက ထောက်ပြပြောဆိုကြပါတယ်။

နောက်ပြီး အခြေခံအဆောက်အဦး လိုအပ်ချက်ရှိနေသေးတဲ့  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့နည်းသွားတာက တိုင်းပြည်ရဲ့ရေရှည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့လည်း ပညာရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနဲ့ တခြားပို့ကုန်တွေကို အဓိကတင်ပို့နေပြီး ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း တို့ကို အဓိကတင်သွင်းနေတာပါ။ 

ကုန်သွယ်မှုပိုငွေ ဆိုတာက ကိုယ့်နိုင်ငံက တင်ပို့တဲ့ ပို့ကုန်ရငွေ တန်ဖိုးက တခြားနိုင်ငံတွေက သွင်းကုန်တွေ တင်သွင်းတဲ့အခါ ပေးရတဲ့တန်ဖိုးထက်များနေတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပိုငွေပြခြင်း ကိုခေါ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ နိုင်ငံပြုပြင်ပြောင်းလဲမူတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ဒသမ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၁ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ဒသမ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။ 

နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပိုငွေ သန်း  ၆၇၀ ကျော်၊ ၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာ  ပိုငွေ ၁၆၉ သန်းကျော် အသီးသီး  ဖြစ်ပေါ်ခဲ့ပြီး အခုဘဏ္ဍာနှစ် ၂လကျော်ကာလအတွင်းမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၇၆ သန်းကျော်ပြနေပါတယ်။ 

ပို့ကုန်တင်ပို့မှု အပိုင်းကို ပြန်ကြည့်ရင်လည်း၂၀၁၇−၂၀၁၈ မှာ ၁၄ဒသမ၈၈၃ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၈ဒသမ၈၆၁ဘီလီယံ၊၂၀၁၈ −၂၀၁၉ဘဏ္ဍာနှစ်မှာ ၁၇ဒသမ၀၆၀ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ် မှာ ၁၇ ဒသမ ၆၈၁ဘီလီယံ  ၊၂၀၂၀-၂၁ဘဏ္ဍာနှစ် မှာ ၁၈ ဒသမ ၃၆၃ ဘီလီယံနဲ့ ပို့ကုန်တန်ဖိုး နှစ်စဥ်မြင့်တက်ခဲ့ပေမဲ့၂၀၂၁−၂၀၂၂ မီနစ်ဘတ်ဂျတ်မှာတော့  ပို့ကုန်တင်ပို့မှု ၈ဘီလီယံကျော်သာရှိခဲ့ပါတယ်။

အခုလို ပို့ကုန်တန်ဖိုး သိသိသာသာ တိုးမြင့်လာခြင်းမရှိဘဲ ကုန်သွယ်မှုပိုငွေ ပြနေတဲ့အပေါ် စီးပွားရေး လေ့လာသုံးသပ်သူတွေရဲ့ ဝေဖန်ထောက် ပြမှုတွေရှိနေတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရရှိတဲ့ အချက်လက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတော့လို့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ခန့်မှန်း တွက်ချက်တာတွေ ပြုလုပ်ခြင်းမရှိတော့ပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s