” တနိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ် ရှားမှု” သပိတ်ပြုလုပ်ရန် သပိတ်ဦးဆောင်အဖွဲ့များ တိုက်တွန်း



ကိုယ်မြို့၊ ကိုယ်ရွာရှိ တန်ခိုးကြီးဘုရားများ၊ ဘုရားကျောင်းများ၊ ဗလီများစသဖြင့် ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးသို့ သွားရောက်ဆု တောင်းကြကာ ” တနိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု” ပြုလုပ်ကြရန် သပိတ်ဦးဆောင်အဖွဲ့များက တိုက်တွန်းလှုံ့ဆော်နေကြသည်။
မနက်ဖြန် ဇွန်လ ၁၉ ရက်တွင် ကိုယ်ကိုးကွယ်ယုံကြည်သည့် ဘာသာတရားအလိုက် ဘုရား၊ ကျောင်း၊ ကန်များသို့ သွားရောက်ပြီး ဆုတောင်းကြရန် တိုက်တွန်းနေခြင်းဖြစ်သည်။
ထိုသို့ဆုတောင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများ၊ သေဒဏ်ချမှတ်ခံရသည့် ရဲဘော်များ၊ ယခုချိန်ထိ ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များနှင့် တိုင်းပြည်ကြီးအတွက်ပါ ဆုတောင်းကြဖို့ကိုလည်း တိုက်တွန်းထားသည်။
ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။
ထိုနေ့တွင်အာဏာရှင်ကို တော်လှန်နေကြသည့် လူထုမှနေ၍ ဖမ်းဆီးချုပ်နှောင်ခံထားရသူများနှင့် တစ်သားတည်းအတူရှိနေကြောင်းအပြင် “သွေးအေးမနေဘူး၊ သွေးခွဲမနေဘူး၊ သွေးကြောင်မနေဘူး” ဆိုသည်ကို ပြသလိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တော်လှန်ရေးခရီး တစ်နှစ်ကျော်လာချိန်တွင် အကျပ်အတည်းပေါင်းစုံနှင့် ပင်ပန်းထိခိုက်မှုများ ရှိလာနေပြီး ပြည်သူတွေရဲ့ သွေးမအေးစတမ်း ဇွဲထက်သန်မှုနဲ့ ညီညွတ်မှုကြောင့်သာ ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်သည်ဟု သပိတ်ဦးဆောင်အဖွဲ့များမှပြောသည်။
ထို့ကြောင့် မကြောက်တရားနှင့် လွတ်လပ်ရေးတိုက်ပွဲအတွက် ခရီးဆက်ကြရန် သပိတ်ဦးဆောင်အဖွဲ့များမှ ဆိုထားကြသည်။ mizzima