မအူပင်အခြေစိုက် ဧရာဝတီတိုင်းမ် သတင်း ထောက် ကိုအောင်မြသန်း၏ နေအိမ်ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့အခြေစိုက် ဧရာဝတီတိုင်းမ်သတင်းဌာနမှ သတင်းထောက် ကိုအောင်းမြသန်း၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးတို့က ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။
မအူပင်မြို့၊ အမှတ် (၁ ) ရပ်ကွက်၊ အောင်ဆုပန်လမ်းရှိ ၎င်း၏နေအိမ်ကို စစ်ကောင်စီတပ် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်အိမ်ကို စစ်တပ်နဲ့ ရဲတွေက စောင့်ကြည့်နေတာကြာပြီ။ ၁၅ ရက်နေ့မှာတော့ ချိပ်ပိတ်ခံလိုက်ရတယ်” ဟု ကာယကံရှင်ဖြစ်သူ ကိုအောင်မြသန်းကပြောသည်။
ကိုအောင်မြသန်းသည် ဧရာဝတီတိုင်းမ်သတင်းဌာနတွင် သတင်းများရေးသားနေသည်ဟုဆိုကာ နေအိမ်ကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်း၏ပြောပြချက်အရ သိရသည်။
“သတင်းတွေ ဆက်ရေးနေလို့ ဝရမ်းထုတ်ပြီး အိမ်ကိုပါ စာလာကပ်ပြီးချိပ်ပိတ်သွားတာပေါ့။ ကျွန်တော်ကတော့ စစ်ကောင်စီရဲ့ မဟုတ်မမှန်လုပ်ရပ်တွေရယ် ဒေသခံတွေကို မတရား ငွေကြေးတောင်းယူနေတဲ့ သတင်းတွေကို မသေမခြင်း ရေးနေအုံးမှာပဲလေ ” ဟု ကိုအောင်မြသန်းကပြောသည်။
၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မအူမြို့ခံပြည်သူများ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သည့် သတင်းများကိုရေးသားခဲ့၍ ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသေးသည်။
” ဆန္ဒတွေပြတဲ့ ပြည်သူတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ် ခတ်နေတဲ့အချိန်၊ သတင်းထောက်တွေကိုလည်း စစ်တပ်ကလိုက် ဖမ်းနေတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်တုန်းက မအူပင်ကနေ ခဏရှောင်ပြေးနေသေးတယ်။ မိသားစုကိစ္စကြောင့် မအူပင်မြို့ကိုပြန်ဝင်နေတဲ့အချိန်မှာ အိမ်ရှေ့ကို အိမ်ကိုစစ်ကား ရှစ်စီးလိုက်နဲ့ ရောက်လာပြီး ဖမ်းသွားကြတာပါ” ဟုကိုအောင်မြသန်းက ပြန်ပြောင်းပြောသည်။
ထိုစဉ်က ကိုအောင်မြသန်းကို စစ်ကောင်စီတပ်များက မအူပင် မြို့မ ရဲစခန်းတွင် ဖမ်းဆီးခဲ့ပြီး တပ်မ (၁၁) ခမရ (၂၁၆) မှ တပ်ရင်းမှူး သက်လွင်ဦး အပါအဝင် အရာရှိ လေးယောက်နှင့် စရဖ တို့က ထိုးကြိတ် နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။
“ တပ်ရင်းမှူး သက်လွင်ဦး ကိုယ်တိုင်စစ်တယ်။ ပါးတွေရိုက်တယ်။ သူတို့ အကုန်လုံးဝိုင်းပြီး ခါးတွေ ကြောကုန်းတွေကို ရိုက်တယ်။ သေနတ်တွေနဲ့ချိန်ထားပြီး တစ်ယောက်ချင်းထိုးမယ်ဆိုပြီး စိန်ခေါ်တယ်။ ရဲယူနီ ဖောင်းဝတ်ထားတဲ့ စစ်ဗိုလ်ကျော်စွာဆင့်ဆိုတဲ့သူကလည်း နားရင်းတွေရိုက်တယ်။ ပြီးတော့ ဂျွမ်းထိုးခိုင်းပြီး စစ်ဖိနပ်နဲ့ ဝိုင်းကန်တယ်။ တပ်ရင်းမှူးရဲ့ PA ကလည်း နားရင်းကို အချက်ပေါင်းများစွာ ရိုက်တယ်။ အဲ့လိုနှိပ်စက်တဲ့အချိန်မှာလည်း အားလုံးအရက်တွေ မူးနေကြတယ်။ ” ဟု ၎င်းကဆိုသည်။
ထို့နောက် ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ခလရ (၂၇) ဗဟိုကင်းတွင်ရှိသည့် စစ်ကြောရေးသို့ ခေါ်သွားပြီး ထမင်းမကျွေးဘဲ ထပ်မံနှိပ်စက်ညှဉ်းဆဲမှုများပြုလုပ်ကာ အဆိုပါနေ့ ညနေပိုင်း၌ မအူပင်မြို့ ရဲစခန်းအချုပ်သို့ ပြန်ပို့ခဲ့ကြသည်။
“ လွတ်ငြိမ်းခွင့်ရလို့ဆိုပြီး ဇွန်လ ၃၀ ရက်နေ့မှာ ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ကိုအောင်မြသန်းက ပြောသည်။
ထိုသို့ လွှတ်ပေးပြီး ၁၀ ရက်အကြာတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ကိုအောင်မြသန်းအား မေးမြန်းစရာရှိသည်ဟု ဆိုကာထပ်မံဖမ်းဆီးသွားကြောင်းသိရသည်။
” မေးစရာရှိတယ်ဆိုပြီး လာဖမ်းတယ် ။ ရဲစခန်းရောက်တော့ ဘုရားဗုံးပေါက်တာသိလားလို့မေးတယ်။ ကျွန်တော်တော်က မသိလို့ မသိဘူးဘဲ ဖြေတာပေါ့။ နောက်ပြီး သူတို့နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုနေရတာလေ။ အဲဒါကို ထပ်ဖမ်းထားတယ် ။ ရဲစခန်းမှာပဲ ၁၀ ရက်ကြာပြီး ခံဝန်ထိုးခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်တာပါ ” ဟု၎င်းကဆိုသည်။
ထို့ကြောင့် ရရှိခဲ့သောဒဏ်ရာများကို ၎င်း၏နေအိမ်၌ပင် ကုသနေခဲ့ပြီး အချိန်မရွေး ပြန်လည်ဖမ်းဆီးနိုင်သည့်အတွက် ဘေးလွတ်ရာသို့ ရှောင် တိမ်းခဲ့ရသည်။
ထို့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မအူပင်မြို့၌ဆက်လက်နေထိုင်သူ ၎င်း၏အမျိုးသမီးသမီးဖြစ်သူကိုပါ ပျူစောထီးအဖွဲ့များမှ ခြိမ်း ခြောက်လာ၍ မိသားစုလိုက် လွတ်မြောက်နယ်မြေတစ်နေရာသို့ ခေါ်ထုတ်လာခဲ့ရကြောင်း သိရသည်။
ကိုအောင်မြသန်းသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဧရာဝတီတိုင်းမ် သတင်းဌာနအတွက် သတင်းများ ရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ mizzima