သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေကို စစ်ဆေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇွန် ၁၇ ရက်က ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစိုင်းကျော်သူကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ -က နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။
ဒီအမှုကို ပြီးခဲ့တဲ့ ရုံးချိန်းမှာ စွဲချက်တင် အမိန့်ချခဲ့ပြီး တရားလို ဦးအောင်မျိုးလွင်အပါအ၀င် သုံးဦးကို ပြန်ခေါ် သက်သေခေါ်ထားတာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွားခဲ့ပြီးနောက် စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ DVB