ပါတီစုံဒီမိုကရေစီကျင့်သုံးရေးအပါအဝင် ဖက်ရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ဟု PNLO ဆို

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည် စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်၏ ငြိမ်းချမ်ရေးအဖွဲ့နှင့် ဇွန်လ၁၆ရက်နေ့မှ စတင်ပြီး သုံးရက်ကြာတွေ့ဆုံပြီးနောက် ပါတီစုံဒီမိုကရေစီကျင့်သုံရေးအပါအဝင် သဘောတူညီချက် ရှစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
သဘောတူညီချက် ရှစ်ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးများ ပါဝင်မည်ဟုသာ အကြမ်းဖျင်း သိရှိရသေးကြောင်း PNLO မှတာဝန်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကိုပြောသည်။
“အခြားအဖွဲ့စည်းတွေလိုပါပဲ သိပ်မကွာပါဘူး။ သဘောတူညီချက်က ကျနော်တို့အဖွဲ့က ရှစ်ချက်လို့ အကြမ်းဖျဉ်းသိထားရတယ်။ အသေးစိတ်တော့ မသိသေးဘူး။ သို့သော်လည်း ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးအတွက်သော်လည်းကောင်း ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်ဆိုတဲ့ ကိစ္စတွေတော့ ပါကောင်းပါတယ်။ အဲဒါတွေက တော့ အဖွဲ့တိုင်းပါနေကြပဲ ကျနော်ကြားရသလောက် အဲဒီလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နေပြည်တော်တွင် မေလတတိယအပတ်က စတင်လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် အဖွဲ့ ခုနစ်ဖွဲ့ကို တွေ့ဆုံပြီးဖြစ်သည်။
ဆွေးနွေးပွဲကို တက်ရောက်သည့် အဖွဲ့များနှင့်တွေ့ဆုံရာတွင် စစ်တပ်တာဝန်ရှိသူများအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မက်လုံးပေးဆွေးနွေးနေသည်ကို တွေ့ရသည်။
လက်ရှိနိုင်ငံအတွင်းတွင် ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ရေးဆိုင်ရာ ပြဿနာများအတွက်မူ အလေးပေးဆွေးနွေးခြင်းမရှိဘဲ နိုင်ငံတည်ဆောက်ရေးအတွက်သာ ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
ထူးခြားချက်အနေဖြင့် စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့်တွေ့ဆုံရာတွင် တိုင်း ရင်းသားများကို တွေ့ဆုံပြီးလျှင် NUGနှင့် PDFကိုစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု DVBသတင်းဌာကို ALPတာဝန်ရှိသူက ဖြေ ကြားထားသည်။
ထို့ကြောင့် PNLOနှင့်တွေ့ဆုံစဉ်တွင် NUGနှင့် PDFများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုရှိမရှိပေါ်တွင် “အဲဒါကတော့ ဆွေးနွေးတဲ့ထဲမှာ အစီအစဉ်မပါဘူး။ ဆွေးနွေးတာက အကန့်အသတ်နဲ့ဆိုတော့ ဒေသဆိုင်ရာမှာ လက်ရှိလုပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးတို့ ပြည်သူလူထုကို အကာအကွယ်ပေးတာတို့ကို စားနပ်ရိက္ခာပေးတာတို့မှာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ပါတယ်လို့ သိရပါတယ်” ဟု PNLOပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့် စစ်ကောင်စီက ဇွန်လ ၁၄ရက်နေ့တွင် ဆွေးနွေးပွဲတက်ရောက်ခြင်းမရှိသေးသည့် အဖွဲ့များကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံဆက်သွယ်ကြရန်လည်း ထုတ်ပြန်ထားသေးသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေးရေး ၊ PDFများ တောခိုရာမှ ပြန်လည်ရောက်ရှိလာရေးအပြင် နိုင်ငံရေးသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်လာပြီး ရွေးကောက်ပွဲနှင့် ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ် ပြောဆိုပြုလုပ်လာသည်ကို တွေ့ရသည်။ mizzima