မြန်မာနဲ့ ရုရှ စစ်လက်နက် ပွဲစားများအပေါ် ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

မြန်မာ့လေတပ်ကို လက်နက်ပေးသွင်းနေပြီး၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတဲ့ ရုရှားစစ်လက်နက် ရောင်းချသူကုမ္ပဏီ ၃ ခုနဲ့ မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီ ၃ ခုတို့ကို ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တာဟာ ယူကေနိုင်ငံရဲ့ ဒုတိယအကြိမ် လုပ်ဆောင်မှုဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ကြိုဆိုကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာကုမ္ပဏီတွေအနေနဲ့ကတော့ Myanmar New Era Trading Company Limited ၊Sky Aviator Company Limited၊ Synpex Shwe Company Limited တို့ပဲ ဖြစ်ပါတယ်။

Myanmar New Era Trading Company Limited အနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံကနေ Mi-17 အပိုပစ္စည်း တွေကို ဝယ်ယူထားပြီး International Gateways Group နဲ့လည်း ဆက်နွယ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒုတိယကုမ္ပဏီဖြစ်တဲ့ Sky Aviator Company Limited အနေနဲ့ကတော့ Justice For Myanmar ဆီ ပေါက်ကြားလာတဲ့ အဆိုပြုလွှာတစ်စောင်အရ Concern Radio-Electronic Technologies (KRET) က YAK-130 ပံ့ပိုးစက်ပစ္စည်းတွေ ဝယ်ယူတာ၊ United Engine Corporation က ပြန်လည် ပြင်ဆင်ထားတဲ့ တာဘိုဂျက်အင်ဂျင်တွေ ဝယ်ယူတာ၊ Rosoboronexport and Motor Sich က အင်ဂျင်အပိုပစ္စည်းတွေ ဝယ်ယူတာတွေ အပါအဝင် စစ်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့ဆီက စက်ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

Sky Aviator က JSC ရုရှားဟယ်လီကော်ပတာရဲ့ မြန်မာနိုင်ငံ အရောင်းကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

နောက်ဆုံး မြန်မာကုမ္ပဏီ Synpex Shwe Company Limited ကတော့ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် ဟယ်လီကော်ပတာ အပိုပစ္စည်းတွေကို Sins Avia Trading House (CNS Aviation) က ဝယ်ယူခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါကုမ္ပဏီက စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ပစ္စည်း ပေးသွင်းသူလည်း ဖြစ်ပါတယ်။

ထပ်မံပြီး ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့တဲ့ ရုရှား ကုမ္ပဏီတွေကတော့ JSC Gorizont ၊ Sins Avia Trading House LLC (CNS Aviation)၊ Ural Avia LLC တို့ပဲဖြစ်ပါတယ်။

JSC Gorizont ကုမ္ပဏီက ဩစတြေးလျနိုင်ငံရဲ့ Schiebel Corporation ဆီက ထုတ်လုပ်ခွင့်လိုင်စင်နဲ့ Camcopter S-100 UAV တွေကို ထုတ်လုပ်ပါတယ်။ မြန်မာ့ရေတပ်နဲ့ မြန်မာ့လေတပ် နှစ်တပ်လုံးက Camcopter S-100 UAVs တွေကို ဝယ်ယူထားတာပါ။

မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Gorizont က မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Miya Win International Limited ထံ ယူအေဗွီအပို ပစ္စည်းတွေကို တင်ပို့ခဲ့ပါတယ်။

အဆိုပါ တင်ပို့တဲ့ပစ္စည်းတွေမှာ ဩစတြေးလျနိုင်ငံရှိ Schiebel ကုမ္ပဏီက ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေ ပါဝင်ပြီး၊ ဒါဟာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်းကို ပြသနေတာ ဖြစ်တာကြောင့် Miya Win International ကို ယူကေနိုင်ငံက မတ်လ ၂၅ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။

Sins Avia Trading House LLC (CNS Aviation) ကတော့ မြန်မာစစ်လက်နက်ပွဲစား ကုမ္ပဏီ Synpex Shwe Company Limited ဆီ ၂၀၂၁ ခုနှစ်၊ မတ်လက ဟယ်လီကော်ပတာ အပိုပစ္စည်းတွေကို တင်ပို့ခဲ့ပါတယ်။

နောက်ဆုံး ရုရှားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ural Avia LLC အနေနဲ့ လေယာဉ်ဆိုင်ရာအပိုပစ္စည်းတွေတင်သွင်းခြင်းနဲ့ ပြုပြင်ခြင်းလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ImportGenius ဆီက မှတ်တမ်းတွေအရ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Dynasty International Company Limited ဆီ Mi-17 အပိုပစ္စည်းတွေကို ရောင်းချခဲ့ပါတယ်။

Dynasty International နဲ့ ကုမ္ပဏီဒါရိုက်တာ ဒေါက်တာအောင်မိုးမြင့်တို့ကို မတ်လ ၂၅ ရက်နေ့မှာ ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုလို ဒဏ်ခတ်ပိတ်စို့မှုနဲ့ ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတဲ့ စစ်လက်နက် ပေးသွင်းသူတွေအပေါ် ယူကေနိုင်ငံရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုကို ကျွန်မတို့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

“စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေ၊ ဂျက်လေယာဉ်ဆီတွေနဲ့ အခွန်ဝင်ငွေတွေကို မြန်မာစစ်တပ်က လက်လှမ်းမှီ ရရှိနေတာက သူတို့ရဲ့ ဆက်ပြီးကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာ ဖြစ်ပါတယ်”။

“ဒါ့ကြောင့် စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ဆိုရင် ၎င်းတို့ရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို စနစ်တကျ ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့အရေးယူဖို့ မဖြစ်မနေ လိုအပ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အခုအချိန်အထိ မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား အပါ အဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွါးရေး အကျိုးစီးပွါးတွေနဲ့ စီးပွားရေး ဆက်ဆံရေးတွေအပေါ် ညီညွတ်အား ကောင်းတဲ့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်လို့ လည်း ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s