ကရင်နီစစ်ရှောင်များ အိမ်ပြန်ချင်ပြီ

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဒေသခံလူဦးရေ နှစ်သိန်းဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ တနေ့တခြား  စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

အာဏသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလလောက်ကစပြီး ကရင်နီပြည်နယ်တဝိုက် တိုက် ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ သိန်းချီပြီး ထွက်ပြေးတိမ်းရှောင်လာတာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။ 

ဒီတနှစ်ကျော်လာတဲ့အထဲမှာ တချို့ဆိုရင် ပြန်စရာအိမ်မရှိတော့တဲ့အနေအထား ရင်ဆိုင်နေရသလို အခုချိန်ထိ ကျေးရွာတွေရဲ့ လုံခြုံမှုမရှိသေးတဲ့ အနေအထားမှာ အိမ်မပြန်နိုင်ကြသေးပါဘူး။ 

အထူးသဖြင့် သက်ကြီးရွယ်အိုတွေဟာ မိမိနေထိုင်ရာ ကျေးရွာတွေမှာ အိမ်ပြန်နေထိုင်ချင်စိတ်ကြောင့် စိတ်ဓာတ်မြင့်တင်ရေးနဲ့ ကျန်းမာရေးအတွက် အထူးလိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ်ကနေ စစ်ရှောင်နေရတဲ့ မော်ဆော်မိုးက ပြောပါတယ်။ 

“ကျမတို့ အိမ်ပြန်ချင်တာကတော့ နံပါတ် ၁ ပဲပေါ့နော်။ အခုဆိုရင် အရမ်းဒုက္ခရောက်ကြတာပေါ့နော်။ အိမ်ပြန်ချင်တဲ့သူတွေတော့ များတာပေါ့။ အထူးသဖြင့်ဆိုရင် အသက်ကြီးပိုင်းတွေပေါ့နော်။ သူတို့တွေဆိုရင် အရမ်းပြန်ချင်ကြတာပေါ့။ ကျမတို့ကျတော့ လူငယ်ပိုင်းဆိုတော့ စိတ်ဖြေလို့ ရသေးတယ်ပေါ့နော်။ အသက်ကြီးပိုင်းကျတော့ သူတို့ကိုသွားပြီး အားပေးနှစ်သိမ့်မယ်ဆိုရင် သူတို့အတွက် ပိုပြီးမှ သူတို့ရဲ့ စိတ်ခံစားချက်ဖြေဖျောက်ပေးသလိုတော့ ဖြစ်တာပေါ့။” 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ ပြည်သူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရပြီးနောက် မော်ဆော်မိုးတို့ မိသားစုအပါအဝင် ကျေးရွာနေ ပြည်သူတွေဟာ ရွာမှာနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာပါ။ 

ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်အပြင် ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး သိန်းနဲ့ချီတဲ့ စစ်ရှောင်တွေဟာ အိမ်ပြန်လို့မရသေးသလို တချို့တွေမှာတော့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့ ပြန်စရာနေအိမ်မရှိတော့တဲ့ အနေအထား ဖြစ်နေပါတယ်။ ‘

တချို့ဆိုရင် ညည်းတွားချင်စိတ်တော့ ကုန်ခန်းတဲ့အထိ ဓိတ်ဓာတ်တွေ ကျဆင်းနေတယ်လို့ လွိုင်ကော်မြို့နယ်က  စစ်ရှောင်တဦးဖြစ်တဲ့ ဒေါ်မေရီက ပြောပါတယ်။ 

“ညည်းတွားချင်စိတ်ကုန်သွားလောက်အောင်ပဲပေါ့နော်။ ငိုလို့လည်းမရ၊ ရယ်လို့လည်းမရ ဘဝကိုရောက်နေရတယ်။ ပြန်စရာလည်း အိမ်မရှိ နေစရာလည်း နေရာမရှိ၊ တောထဲမှာနေတော့လည်း သိတဲ့အတိုင်းပဲ မလုံခြုံဘူးပေါ့နော်။ တချို့ဆိုရင် ချက်စားဖို့ အိုးခွက်ပန်းကန်တောင် မပါတဲ့အခြေအနေမျိုးဆိုတော့ သူတို့မှာ ငိုမရ ရယ်မရဘဝဘဲပေါ့နော်။ မညည်းချင်တော့ဘူးပေါ့။ ဒီတိုင်းပဲ စိတ်ဓာတ်ကျပြီးတော့ ညည်းချင်စိတ်တောင်ကုန်သွားတဲ့အထိ ဖြစ်သွားပြီပေါ့နော်။” 

ဒီနေ့ ဇွန် ၂၀ ရက်နေ့ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေအပါအဝင် ကမ္ဘာတဝန်းမှာ ကမ္ဘာဒုက္ခသည်များနေ့ အထိမ်းအမှတ်တွေ၊ တောင်းဆိုမှုတွေ ပြုလုပ်ကြပါတယ်။ 

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ရှောင်တွေကတော့ တိုက်ပွဲတွေ အမြန်ရပ်ပြီး အိမ်ပြန်ချင်တယ်လို့ စစ်ရှောင် ဒေါ်မေရီက ပြောပါတယ်။ 

“စစ်ရှောင်တယောက်ရဲ့ အခွင့်အရေး ဘာတောင်းချင်လဲဆိုတော့ စစ်မြန်မြန်ပြီးပြီး အိမ်ပြန်ချင်တယ်ဆိုတဲ့ စကားတခွန်းကတော့ ပထမအနေနဲ့ ပြောမှာပေါ့နော်။ ဒုတိယအနေနဲ့တော့ ကျန်းမာရေး၊ လူများလို ဆေးကုချင်တယ်ဆိုတဲ့ အပိုင်းကိုပြောချင်တယ်။ နောက်ပညာရေးအပိုင်ကလည်း လုပ်နိုင်တဲ့အပိုင်းမှာ လုပ်နိုင်တယ်။ မလုပ်နိုင်တဲ့အပိုင်းမှာ မလုပ်နိုင်ဘူးဆိုတော့ ကလေးတွေရဲ့ ကျောင်းတက်ချင်စိတ်ပြင်းပြနေပေမယ့် ကျောင်းမတက်ရတဲ့ ကလေးတွေကြည့်ပြီးတော့လည်း သနားတယ်။ တိုက်ပွဲအကြောင်းလည်း နားမလည်ဘူးဆိုတော့ ရပ်သွားနိုင်ဖို့ နည်းလမ်းကတော့ သူတို့နှစ်ဖက်ရပ်မှပဲ ကျမတို့ကလည်း ပြန်ရမယ်ဆိုတော့ ဆုတောင်ရုံမှတပါး ကျမတို့မှာ ဘာမှမရှိဘူးလို့ပဲ ပြောရမှာပေါ့” လို့ ပြောပါတယ်။ 

အလားတူ ဖရူဆိုမြို့နယ်ကနေ စစ်ရှောင်နေရတဲ့ မော်ဆော်မိုးကလည်း “နံပါတ် ၁ အချက်က ဒီငြိမ်းချမ်းရေးနည်းလမ်း လမ်းကြောင်းနဲ့ ပြန် သွားနိုင်ရင် အကောင်းဆုံးပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်အိမ်ပြန်နိုင်မှပဲ လုပ်စရာရှိတာကို ဆက်လုပ်လို့ရတာပေါ့နော်။ နောက်တခုက ကျနော်တို့ သေဆုံးသွားတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဘူးပေါ့နော်။ နောက်တချက်ကျတော့ စစ်ရှောင်တွေကို အားပေးဖို့သူတို့ စိတ် ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ပစ်စလက်ခတ်မလုပ်ဖို့ ဒါတွေက အဓိကလိုအပ်တယ်ပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အများကြီး လိုအပ်တယ်ပေါ့နော်။ ပြည်သူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အရမ်းမြှင့်တင်ဖို့ လိုအပ်တယ်ပေါ့” လို့ ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s