ဂန့်ဂေါနှင့်ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ဂန့်ဂေါနဲ့ ရေစကြိုမြို့နယ်တို့မှာ ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက စပယ်ရွာနဲ့ ယင်းမရွာကြားက စက်ရုံဝင်းထဲမှာ အရက်၊ ဘီယာ သောက်စားပြီး စခန်းချနေတာကို PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်(…)တွေဘက်က သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ကို အတိကျမသိရသေးသလို ကျနော်တို့ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။” 

လက်ရှိအခြေနေမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မြစ်သာဆည်ပေါ်ကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးတားမြစ်ထားပါတယ်။

ဂန့်ဂေါမြို့နယ် သင်တောရွာအထွက်မှာလည်း ဇွန် ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA) က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ဇွန် ၁၉ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ PDF ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း (၂) က ပြောပါတယ်။

ရေစကြိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇွန် ၁၉ ရက်နေ့ မနက် ၆ နာရီလောက်က ဘိစပ်ကုန်းရွာနားမှာ ရေစကြို PDF တပ်ရင်း ၂ နဲ့ KNT ပြောက်ကျားတပ်တို့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း-၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။

“နှစ်ဘက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၅ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး စစ်(…) ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။ ရေစကြို-PDF က ရဲ ဘော် ၂ ယောက် လက်နက်ကြီး ထိမှန်ခဲ့ပေမယ့် ဒဏ်ရာ မပြင်းထန်ဘူး။ အဲဒီတိုက်ပွဲဟာ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာ။ ရှေ့ဆက်ပြီးတော့လည်း တော်လှန်ရေးကို အရှိန်ဟုန်မြှင့်သွားမယ်။”

ရေစကြိုမြိုနယ်မှာ ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက စစ်ကောင်စီတပ် ယာဥ်တန်းကို ရေစကြို-PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် သား ၁ ယောက် သေဆုံးကာ ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s