စစ်ကောင်စီလုံခြုံရေးဂိတ်များတိုက်ခိုက်ခံရပြီးနောက် မင်းတပ်မြို့ပေါ်နေပြည်သူများ စစ်ရှောင်ရန် ပြင်ဆင်နေ

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးယူထားသည့် စစ်ကောင်စီဂိတ် များကို ဒေသခံကာကွယ်ရေးတပ် (CDF-မင်းတပ်) မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ များ စစ်ရှောင်ရန်ပြင်ဆင်နေကြသည်ဟု သိရသည်။
ဇွန်လ ၁၄ ရက်နေ့က မင်းတပ်မြို့ပေါ်ရှိ မြို့ဝင်ဂိတ်၊ လဝကရုံးအနီး ဆောက်လုပ်ရေးလမ်းခွဲအနီးဂိတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (N LD)ရုံးအနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်များကို CDF မင်းတပ်မှ ဝင် ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။
“မင်းတပ်မြို့ထဲမှာ သေနတ်သံတွေကြားနေရတယ်။ အခုရက်ပိုင်း ပိုကြားလာနေရတယ်။ ပြီးတော့ နေအိမ်တွေမှာလိုက်ပြီး စစ်တာဆေးတာကြမ်းလာတယ်။ မြို့ပေါ်ဆိုရင်လည်း ဖမ်းတာဆီးတာတွေအရမ်း များလာတယ်။ အရှေ့ပြင်ရပ်မှာ လူနှစ်ဦးကိုဖမ်းပြီး တခါတည်းသတ်ပစ် လိုက်တော့ လူတွေကမြို့ထဲမှာ နေဖို့ကြောက်နေကြပြီး မြို့ပြင်တခြားဒေသတွေကို သွားဖို့လုပ်နေကြတယ်” ဟု မင်းတပ်ဒေသခံတစ်ဦး က ပြောသည်။
သို့သော် မင်းတပ်မှထွက်ခွာမည့်နေရာများအားလုံးတွင်လည်း လုံခြုံရေးအဖွဲ့များမှ နေရာယူထားသည့် အတွက် အခြားဒေသများသို့စစ်ဘေးရှောင်ရန်ခက်ခဲနေသည်ဟု သိရသည်။
“အခုက စစ်ရှောင်မယ်ဆိုရင် ရွာတွေဘက်ကို တောလမ်းကနေပဲ တိုးလို့ရတော့မယ်။ အရင်ကလို ကျောက်ထုဘက်၊ ဆောဘက်တွေကို သွားဖို့မလွယ်တော့ဘူး။ လမ်းတွေပိတ်မိနေပြီ။ သွားလို့ မိရင်လည်း ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှအာမမခံနိုင်ဘူးလေ” ဟု စစ်ဘေးရှောင်ရန်ပြင်ဆင်နေသူတစ်ဦး က ဆိုသည်။
မင်းတပ်မြို့အတွင်း စစ်ဆေးရေးဂိတ် ၁၀ ခု ထက်မနည်းရှိသည့်ကြားမှ စစ်ကောင်စီတပ်များကို CDF-မင်းတပ်မှဝင်ရောက်ပစ်ခတ်သည့်အ တွက် စစ်ကောင်စီတပ်များအထိနာခဲ့ပြီးနောက်ပိုင်း ကျေးရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကိုဝင်ရောက်ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်လျှက်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မင်းတပ်မြို့ပေါ်ရပ်ကွက်တချို့တွင် လူနေအိမ်များကိုလိုက်လံစစ်ဆေးပြီး နေထိုင်သည့်လူဦးရေနှင့် အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ပြုလုပ်ခြင်း၊ မြို့ပေါ်မှ ဈေး ရောင်းချနေသည့် ကုန်စုံဆိုင်များနှင့် အိမ်ဆိုင်များအား စာရင်းလိုက်လံကောက် ခံခြင်းများကို စစ်ကောင်စီ တပ်များမှလုပ်ဆောင်နေသည်ဟု သိရသည်။ mizzima