စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျောက်ဆည်မြို့ကနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျောက်ဆည်မြို့ကနေအိမ်ကို ယနေ့နံနက်ပိုင်းက ဗုံးပစ်တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။
“ဆူးကုန်းရပ်က ဦးသန်းရွှေအိမ် ဗုံးပစ်ခံရတာပါ၊ ဒါနဲ့ဆို သုံးကြိမ်ရှိပါပြီ၊ ဒီတစ်ခေါက်က အစောင့်နှစ်ယောက်ထိတယ်လို့ သိရတယ်” ဟု ကျောက်ဆည်မြို့ခံ သတင်းရင်းမြစ်ကပြောသည်။
နေအိမ်တံခါးအစောင့်ဂိတ်ကို ဒီကနေ့ ဇွန် ၁၉ ရက် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုတွင် အစောင့်စစ်သားနှစ်ဦး ဒဏ်ရာရကြောင်း KDDF တပ်ဖွဲ့၀င်တစ်ဦးက ပြောသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျောက်ဆည်မြို့ကနေအိမ်သည် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်တွင် ရှိပြီး၊ လူနေထိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးချထားခြင်းဖြစ်သည်။
အဆိုပါ လုံခြုံရေးဂိတ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့တစ်ကြိမ်နှင့်ဆိုလျှင် သုံးကြိမ် ဗုံးပစ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ mizzima