စဉ့်ကူးတွင် စစ်တပ်က သုံ့ပန်း ၄ ဦးကို ပြေးခိုင်းပြီး နောက်မှ ပစ်သတ်ဟုဆို

ဇွန် ၁၈ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲတစ်ခုတွင် ဖမ်းဆီးရမိသူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု “ဥ‌ဒေါင်းမင်း” အမည်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ဥဒေါင်းမင်းပကဖအဖွဲ့နှင့် မဟာမိတ်အဖွဲ့တစ်ခုတို့ သတင်းပေးတစ်ဦးကို သွားရောက်ရှင်းလင်းရေးခရီးတွင် မိုးကုတ်-မန္တလေး ကားလမ်းမပေါ်ရှိ ပျဉ်ပင်ကျေးရွာ တိုးဂိတ်အနီး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်ကြောင်း ဥဒေါင်းမင်းအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

“ကျွန်တော့်အဖွဲ့ထဲက ဒုခေါင်းဆောင်တစ်ယောက် ပါတယ်။ မဟာမိတ်တပ်ဖွဲ့က လေးယောက်နဲ့ ‌ပေါင်းခြောက်ယောက်၊ တိုးဂိတ်နားမှာ ထိပ် တိုက်တိုးတော့ ရသ‌လောက်တော့ ပြန်ပစ်ကြသေးတာပေါ့၊ ဒါပေမဲ့ အဖွဲ့မှာက အတို (ပစ္စတို) နှစ်လက်ပဲ ပါတယ်။ ဘယ်ယှဉ်နိုင်မလဲ၊ အကုန်ကျသွားတာ” ဟု ဆိုသည်။

သေဆုံးသူတို့မှာ ရဲဘော်ဝါကြီး၊ ရဲဘော်တေနှင့် မဟာမိတ်အဖွဲ့တစ်ခုတို့မှ တော်လှန်ရေးရဲဘော်လေးဦးတို့ဖြစ်သည်။ 

ထိပ်တိုက်တွေ့သည့်နေရာတွင်ပင် နှစ်ဦး သေဆုံးသွားခဲ့ပြီး ဖမ်းမိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် လေးဦးကိုမူ လက်နောက်ပြန်ကြိုးတုပ် ၍ ပြေးခိုင်းကာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရကြောင်း ထိုအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရုပ်အလောင်းများကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပြန်လည်မရရှိခဲ့သည့်အတွက် သေဆုံးသူတို့၏ အဝတ်အစားများကို အသုံး ပြု ၍ ယမန်နေ့ ဇွန် ၁၉ တွင် နာရေးအခမ်းအနားပြုလုပ်ကာ မီးရှို့ သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်က နေအိမ်နှင့် ပိုင်ဆိုင်သမျှ မီးရှို့ဖျက်ဆီးသည့်အတွက် ရဲဘော်ဝါကြီး၏ ကျန်ရစ်သူမိသားစု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မီးရှို့မှုများကို စစ်ကောင်စီတပ်က ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

ဥဒေါင်းမင်းအဖွဲ့သည် စဉ့်ကူး၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်းအစပ် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တို့အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီနှင့် တိုက်ပွဲများတွင် ဒေသတွင်းရှိ PDF, ပကဖတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်ဟု ယူဆရသူများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၂၀ က စဉ့်ကူးမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရွာရဲကင်းစခန်းနှင့် ငွေတောင်ရွာစစ်ဆေးရေးဂိတ်ကို ဥ ဒေါင်း မင်းအဖွဲ့အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ရွှေပြည်ရွာစခန်းမှူးအပါအဝင် သုံးဦး သေဆုံးခဲ့သည်။ 

မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းကြား စစ်တပ်၏ ရိက္ခာနှင့် လက်နက်သယ်ဆောင်သည့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စသည့် ဒေသများတွင် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းများ ရှိနေသည်။ 

စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများလည်း ထိုဒေသတွင် ရှိနေသည်။   myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s