တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများအတွင်း သဲကျောက်စုပ်ခြင်း မပြုလုပ်ရန် သတိပေးတားမြစ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများအတွင်း သဲကျောက်စုပ်ယူနေသည့် လုပ်ငန်းသုံးစက်လှေများကို နယ်မြေလုံခြုံရေးအရ ယနေ့ ဇွန်လ ၂၀ ရက်မှ စတင်ကာ လုပ်ငန်းဆက်မလုပ်ရန် သတိပေးတားမြစ်ချက်ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သတိပေးသည့်ရက်မှစ၍ သုံးရက်အတွင်း ထွက်ခွာပေးရန် တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က သတိပေးထားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးတားမြစ်ချက်ထုတ်ပြန်လိုက်သည့် တားမြစ် ဧရိယာတွင် လယ်သစ်ကျေးရွာအုပ်စုရှိ မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ မြစ်ချောင်း များပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၂ အဖွဲ့မှ တာဝန်ခံတစ်ဦးက“အဓိက ကတော့ သဲ/ကျောက် စုပ်တဲ့စက်လှေတွေက အခုနောက် ပိုင်း သဲ/ကျောက်စုပ်တဲ့လုပ်ငန်းတစ်ခုတည်း မဟုတ်ဘဲ စစ်တပ်ကို ပို့/ဆောင်တဲ့အလုပ်တွေ လုပ်နေတဲ့အပြင် ပကဖ (PDF) အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်တပ်ကို ပြန်ပြီး သတင်းပို့တဲ့အလုပ်တွေ လုပ်လာတာကြောင့် အခုလို တားမြစ်ပိတ်ပင်လိုက်ရတာဖြစ်တယ်”ဟု ပြောသည်။
ထိုကြောင့် ယခုကဲ့သို့တားမြစ်လိုက်ပြီးနောက် သဲ/ကျောက် ထုတ်ယူနေသည့်စက်လှေများ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက နယ်မြေလုံခြုံ ရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ mizzima