တိုကျိုမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အထိမ်းအမှတ်နှင့် ရန်ပုံငွေရှာဖွေပွဲပြုလုပ်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၇)နှစ် မြောက်မွေးနေ့နှင့်အတူ နွေဦးတော်လှန် ရေးအတွက် ရန်ပုံငွေရှာဖွေပွဲကို ၁၂ ရက်တိုင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအထိမ်းအမှတ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ဝတ်စုံ၊ လက်မှတ်ရေးထိုးထားသည့် ဓာတ်ပုံ စာအုပ်၊ ဆရာမနုယဥ်ရေးဆွဲထားသည့် ပန်းချီကား၊ ပုလဲဆွဲသီးနှင့် ပန်းချီကားလေးကားတို့ကို ကံစမ်းမဲ တစ်မဲလျင် ယန်း ၂,၀၀၀ နှုန်းဖြင့် ဇွန်လ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ်ပြီး ဂျပန် ယန်း သောင်းတစ်ရာခန့် ရရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း စီစဉ်သူထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့်ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အယောက် ၂,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး အလှူငွေ ဂျပန် ယန်းသောင်းတစ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရရှိသည့်အလှူငွေများကို မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသရှိ မီးဘေးသင့်ဒေသများသို့ တိုက် ရိုက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည့်အပြင် NUG အစိုးရသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့လည်း လှူဒါန်းပေးအပ်သွားမည်ဟု ပွဲစီစဉ်သူ များထံမှ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရအဖြစ် စတုဒိသာအလှူများ၊ တော်လှန်ရေးပုံရိပ်များထင်ဟပ်စေသည့် ဓာတ်ပုံပြကွက်များ၊ စိတ်ခွန်အားဖြစ်စေမည့် ဖျော်ဖြေတင်ဆက် မှုများ၊ မွေးနေ့ဆုတောင်းနှင့်အခြားသောမြန်မာ့ယဉ်ကျေးမှုများကို ဂျပန်နိုင်ငံ သားများ သိရှိနိုင်ရန် မိတ်ဆက်ပေးမှုများစွာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ mizzima