တော်လှန်စိတ်ဓာတ်ကို သေဒဏ်ပေးလို့မရ

“ခင်ဗျားတို့ အခု ကျုပ်ကို စီရင်ချက်ချတော့မယ်ဆိုတာ ကျုပ်သိတယ်။ သေဒဏ် မဟုတ်လား။ ဒါပေမဲ့ ခင်ဗျားတို့အပေါ် ကျုပ်ချခဲ့တဲ့ စီရင်ချက်ကတော့ ကြာလှပြီ။ ကျုပ်ရဲ့စီရင်ချက်က ကမ္ဘာပေါ်က ရိုးသားဖြူစင်တဲ့ ပြည်သူတွေသွေးနဲ့ ရေးထားတဲ့ စီရင်ချက်ပဲ။ ဖက်ဆစ်အာဏာရှင်စနစ် ကျဆုံးပါစေဆိုတာပဲ ဖြစ်တယ်။”

ချက်တော်လှန်ရေးခေါင်းဆောင်က သူ ကြိုးပေးမခံရမီ နောက်ဆုံးအချိန်များ၌ ရုံးတော်သို့ ရဲရင့်စွာ လျှောက်ထားခဲ့သော စကားများဖြစ်သည်။ အတိအကျဆိုရလျှင် သူ ကွပ်မျက်မခံရခင် ၁၃ ရက်အလိုတွင် နာဇီတို့၏ ဖက်ဆစ်တရားရုံးကို ကျိန်စာတိုက်ခဲ့သော စကားလုံးများလည်း ဖြစ်‌ပေသည်။ အဲ့သည်နောက် ၁၉၄၃ စက်တင်ဘာ ၈ ရက်နေ့မှာတော့ ဖက်ဆစ်ရုံးတော်မှ ကြိုးပေးသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဖူးချစ် သည် သူ၏ ချက်နိုင်ငံ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း လမ်းခုလတ်တွင် ရန်သူ့လက်တွင်း ကျရောက်ကာ ယခုလို ကြိုးပေးကွပ်မျက်ခြင်း ခံလိုက်ရသည်။ သို့တိုင် သူ၏ယုံကြည်ချက်၊ သူ၏တန်ဖိုးတို့က ချက်ပြည်သူ၊ ကမ္ဘာ့ပြည်သူတို့၏ နှလုံးသားထဲတွင် အစဥ်အမြဲ တည်ရှိနေသည်။ ဖူးချစ်လူငယ်သမဂ္ဂ၊ ဖူးချစ်ပန်းခြံ၊ ဖူးချစ်စာသင်ကျောင်း၊ ဖူးချစ်တေးဂီတ စသည်ဖြင့် သူ့ကိုဂုဏ်ပြုခဲ့​ကြသလို စစ်အေးခေတ် ပြီး ဆုံးသွားပြီးနောက် တောင်ကြီးတတောင်ကိုပင် မောင့်ဖူးချစ်ဟူ၍ပင် အမည်ပေးခဲ့ကြ​ပေသည်။

ထို့ထက်ပို၍ သူ၏ တော်လှန်ရေးအပေါ်ထားသည့် ခိုင်မာသောယုံကြည်ချက်၊ တိုင်းပြည်လွတ်မြောက်ရေးအတွက် မြှုပ်နှံထားသော သစ္စာတရားတို့သည်ကား မည်သည့်ခေတ်အခါတွင်မဆို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့အတွက် တိုက်ပွဲဝင်နေသူများအတွက် စံနမူနာယူစရာ အဖိုးတန်အရည်အသွေးများအဖြစ် တင်ကျန်လျက်ရှိသည်။ သို့ကြောင့် ချက်တော်လှန်ရေးသမား ဂျူးလီးယက်ဖူးချစ်သည် ဖက်ဆစ်တို့၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် လူသေဆုံးရသော်လည်း နာမည်မသေ၊ တန်ဖိုးဂုဏ်သိက္ခာတို့ ယနေ့အထိပင် ရှင်သန်နေရခြင်းဖြစ်သည်။

နောက်တယောက်မှာ အိုင်ယာလန်ပြည်မှ တော်လှန်ရေးခေါင်းဆောင် ရောဘတ်အင်းမက်ပင်ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ရုံးတော်ရှေ့တွင် ပြောကြားသွားသည့် သူ၏လျှောက်လှဲချက်များကား ထင်ရှားလှပေသည်။

“တရားသူကြီးမင်းများခင်ဗျား ……… လူတယောက်ဟာ သေသွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့အကြောင်း၊ သူ့ဇာတ်လမ်းကတော့ ရှင်သန်နေဦးမှာပါပဲ။ ဒီလိုပဲ ကျ‌‌နော့်ဇာတ်လမ်း၊ ကျနော့်ဖြစ်ရပ်တွေဟာ ဒီလောကမှာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျနော့် တိုင်းသူပြည်သားတွေရဲ့ ရိုသေလေးစားမှု ရင်ခွင်ထဲမှာ ကျနော်ဟာ အမြဲရှင်သန်နေပါလိမ့်မယ်။ ကျနော့်ရဲ့ဝိညာဥ်တွေဟာ ကျနော့်ကို ချစ်မြတ်နိုးသူတွေဆီမှာ တွယ်ကပ်နေပါလိမ့်မယ်။ ကျနော့်ရဲ့ဝိညာဥ်တွေဟာ ဂုဏ်သိက္ခာအတွက်၊ တိုင်းပြည်ကာကွယ်ရေးအတွက် စစ်မြေပြင်တွေ၊ ကားစင်တွေ၊ ကြိုးစင်တွေအထက်မှာ စတေးသွားကြပြီးဖြစ်တဲ့ အာဇာနည်သူရဲကောင်းတွေထဲမှာ သွားရောက်ပူးပေါင်းပါလိမ့်မယ်။ ဒါသာလျှင် ကျနော့်ရဲ့ မျှော်လင့်ယုံကြည်ချက် ဖြစ်ပါတယ်။

အင်းမက်သည် သူ၏တိုင်းပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် သစ္စာဖောက်သည်ဟု နယ်ချဲ့အင်္ဂလိပ်တို့က ၁၈၀၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် စွပ်စွဲဖမ်းဆီးကာ သစ္စာဖောက်ဥပဒေဖြင့် ၁၈၀၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကြိုးပေးကွပ်မျက်ခြင်း ခံလိုက်ရသည်။ သူသေဆုံးသွားသည့်တိုင် အိုင်ယာလန် လွတ်မြောက်ရေး၏ တပ်ဦးမှ ဦးဆောင်ဉီးရွက်ပြုသူအဖြစ် အိုင်ယာလန်ပြည်သူတရပ်လုံးက အသိအမှတ်ပြု ဂုဏ်ပြုလေးစားကြသည်။ အိုင်ယာလန်ပြည်သူတို့၏ သူရဲကောင်းကြီးသဖွယ် လေးစားတန်ဖိုးထားကြသည်။ သူ၏ တရားခွင်လျှောက်လဲချက်ထဲကလို နယ်ချဲ့တရားရုံး၏ သေဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်တိုင် သူ့ဝိညာဥ်၊ သူ့တန်ဖိုးတို့မှာ အိုင်ယာလန် ပြည်သူတို့၏ စိတ်နှလုံး ဝိညာဥ်ထဲတွင် ထာဝစဥ် ကိန်းအောင်းလျက် ရှိတုန်းပင်ဖြစ်သည်။

နောက်တယောက်ကတော့ မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ဖြစ်သည်။ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ အရေးအခင်းများတွင် မဆလ စစ်အာဏာရှင်စနစ်ကို တက်တက်ကြွကြွ ဆန့်ကျင်ပါဝင်ခဲ့ပြီး ထင်ရှားသော ကျောင်းသားတဦး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားတယောက် ဖြစ်သည်။ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက် မှိုင်းရာပြည့် မကျင်းပမီ တရက်အလိုတွင် သူအဖမ်းခံခဲ့ရသည်။ ထို့နောက် ထောင်တွင်း အထူးတရားရုံးမှ အရက်စက်ဆုံးပြစ်ဒဏ်ဖြစ်သည့် ‌သေဒဏ်ချမှတ်ခဲ့သည်။ ထိုမျှမက ထိုပြစ်ဒဏ်ကိုပင် အကောင်အထည်ဖော်ကာ ဆလိုင်း‌တင်မောင်ဦးကို ကြိုးပေးကွပ်မျက်ပစ်ခဲ့ပါသည်။ မဆလ စစ်အာဏာရှင်လက်ထက် ရှားရှားပါးပါး ကြိုးပေးခံလိုက်ရ‌သော ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်တာ မှားယွင်းကြောင်း၊ တော်လှန်ရေးလုပ်ငန်းကို စွန့်လွှတ်ကြောင်း အသနားခံစာ ရေးတင်ပါက အသက်ချမ်းသာခွင့်ပေးမည်ဟု စစ်အာဏာရှင်များဘက်မှ သူ့ကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ကြသည်။ သို့သော် ဆလိုင်းတင်မောင်ဦးက မည်သို့မျှ လက်မခံခဲ့။ ဤသို့ဖြင့် နောက်ဆုံးတွင် စစ်အာဏာရှင်တို့၏ ကြိုးစင်ပေါ်သို့ ရဲဝံ့စွာ တက်ရောက်သွားခဲ့သည်။

“မင်းတို့ ငါ့ခန္ဓာကိုယ်သာ သတ်လို့ရမယ်။ ငါ့ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်။ မင်းတို့စစ်ဖိနပ်အောက်မှာ ငါဟာ ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် သူကွပ်မျက်ခံရခါနီး သူ့နှုတ်ဖျားမှ ရဲရဲတောက်စကားများ ထွက်ဆိုခဲ့သည်။ ထိုစကားများက သူ့နောက်ဆုံးအမှတ်တရများဖြစ်သလို ခေတ်အဆက်ဆက် တော်လှန်သော ကျောင်းသား၊ ပြည်သူအတွက် တော်လှန်ရေးဂါထာမန္တန်များပင် ဖြစ်သည်။ ယခု စစ်အာဏာရှင်တော်လှန်ရေးဖြစ်သည့် နွေဦးတော်လှန်ရေးအထိပင် တော်လှန်သူများသည် သူ၏ နှုတ်ထွက်စကားများကို ရေရွတ်နေကြတုန်းပင် မဟုတ်ပါလား။

ပြီးခဲ့သည့်ရက်ပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် အခြားနှစ်ဦးကို သေဒဏ်ပေးလိုက်ပြီဟု စစ်မိစ္ဆာတို့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသေဒဏ်အမိန့်ကိုလည်း အယူခံမှု၊ အသနားခံမှုတို့ ပြီးဆုံးပြီဖြစ်၍ လက်တွေ့အကောင်အထည်ဖော်တော့မည်၊ သက်ညှာမှုမရှိဘဲ ဆက်လက် ဆောင်ရွက်တော့မည်ဟု စစ်မိစ္ဆာတို့က ပြည်သူများသိအောင် ပြောကြားလိုက်သည်။ (တကယ်တော့ စစ်မိစ္ဆာများသည် ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့က သူတို့၏ သေဒဏ်များအတွက် အယူခံမှု၊ အသနားခံမှု ပြုလုပ်သည်ဟု ဝါဒဖြန့်ခဲ့ကြသည်။ သို့သော် အဖြစ်မှန်ကား ထိုသို့မဟုတ်။ ကိုဂျင်မီ၏ အမျိုးသမီး ပြောပြချက်အရ သူတို့အနေဖြင့် မည်သည့် အယူခံမှု၊ အသနားခံမှုကိုမှ မပြုလုပ်ကြောင်း RFA သတင်းဌာနသို့ မကြာမီက ဖြေဆိုထားသည်။) စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် တော်လှန်ရေး တိုက်ပွဲမှ တော်လှန်ရေး ခေါင်းဆောင်များကို စစ်မိစ္ဆာများသည် စစ်ကျွန်တရားရုံးများမှတဆင့် ဖိနှိပ်ရက်စက်ခြင်း ဖြစ်သည်။

အထက်ပါဖြစ်ရပ်များသည် နိုင်ငံမတူ၊ ခေတ်ကာလမတူ၊ ဖြစ်ရပ်မတူကြပေ။ သို့သော် တရားမျှတမှု၊ လွတ်မြောက်မှုတို့ရရှိဖို့ တိုက်ပွဲဝင်ကြတာကတော့ အတူတူပဲဖြစ်သည်။ ဖိနှိပ်သူများက ၎င်းတို့၏ မတရားမှု၊ ဖိနှိပ်မှုများကို ဆန့်ကျင်တွန်းလှန်ကြသည့် မည်သူကိုမဆို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးညှဥ်းပန်းကာ တော်လှန်ရေးကို ဦးကျိုးအောင်ပြုလုပ်သည်။ တော်လှန်ရေးခေါင်းဆောင်များကို ၎င်းတို့လက်အောက်ခံ တရားရုံးအသီးသီးမှ မတရားသဖြင့် ပြစ်ဒဏ်များချမှတ်ကာ ဖိနှိပ်ခဲ့၊ ကွပ်မျက်ခဲ့ကြတာကလည်း ခေတ်အဆက်ဆက်ပင်ဖြစ်သည်။ ယင်းသို့ တော်လှန်ရေးခေါင်းဆောင်များကို ဖိနှိပ်သတ်ဖြတ်ကြခြင်းဖြင့် ပြည်သူတို့ကို ကြောက်ရွံ့သွားအောင် ပြုလုပ်လိုက်ခြင်းကလည်း ခေတ်အဆက်ဆက် ဖိနှိပ်သူတို့ ပြုလုပ်နေကြ အစဉ်အလာပဲဖြစ်သည်။

သို့သော် အခြားတဖက်မှာလည်း သူတို့ မျှော်မှန်းထားသည်နှင့် ကွဲလွဲသည်။ သူတို့ မျှော်မှန်းထားသလို တော်လှန်ရေးကား ရပ်တန့်မသွားခဲ့။ တိုင်း ပြည်၏ ခေါင်းဆောင်များ၊ တော်လှန်ရေးခေါင်းဆောင်များမှာ မတရားသဖြင့် သတ်ဖြတ်ခံရ၍ သေဆုံးသွားခဲ့ကြသော်လည်း သူတို့၏ စိတ်ဓာတ်၊ သူတို့၏ဝိညာဉ်တို့မှာ သေဆုံးသွားခြင်းမရှိ။ ကျန်ရှိသော သူတို့၏စိတ်ဓာတ်နှင့် ယုံကြည်ချက်ထဲသို့ ပူးဝင်သွားကြသည်။ ထိုယုံ ကြည်ချက်နှင့် စိတ်ဓာတ်တို့ကို ဆက်လက်ကိုင်စွဲကာ လွတ်မြောက်ရေး၊ တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပေသည်။ အသက်ကိုစွန့်သွားကြသူများ၏ စိတ်ဓာတ်နှင့် ဝိညာဥ်တို့မှာလည်း နောင်အချိန်ထိ ဆက်လက်ရှင်သန်နေဆဲပင် ရှိချေမည်။ ဒါကလည်း အစဉ်အလာတခု၊ သစ္စာတရားတခုပဲ ဖြစ်သည်။

ထို့အတွက်ကြောင့် လက်ရှိ စစ်မိစ္ဆာတို့ သိထားရမည်မှာ တော်လှန်ရေးခေါင်းဆောင်များကို စစ်ကျွန်တရားရုံးများမှ စုတ်ပဲ့ရက်စက်စွာ သေ ဒဏ်များချမှတ်ပြီး ယုတ်မာကောက်ကျစ်စွာ ကွပ်မျက်နိုင်ပါသည်။ လူကိုသတ်လို့ရပါသည်။ ထိုသူတို့၏ဝိညာဥ်၊ စိတ်ဓာတ်တို့ကိုကား မည်သို့မျှ၊ မည်သည့်အခါမျှ သတ်လို့မရ။ တော်လှန်သူ ပြည်သူတို့နှင့်အတူ တည်ရှိနေပါလိမ့်မည်။ အကြောက်တရားသွင်းသော်လည်း မကြောက်တရားတို့ ဆထက်တိုးကာ စစ်မိစ္ဆာတို့ကို တိုး၍ ဆန့်ကျင်တော်လှန်ကြလိမ့်ဦးမည်ဆိုတာ မလွဲဧကန် ဖြစ်ပေတော့သည်။

တင်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s